ပေါင်မြို့နယ်အတွင်းရှိ ချောင်း၊ မြောင်းများကို မြေဖို့ကျူးကျော်ပြီး အကွက်ချ ရောင်းချခြင်းကြောင့် သဘာဝ အရင်းအမြစ်များ ပျောက်ဆုံးသွားနိုင်သည့် ဘေးမှ မည်သို့ကာကွယ်ထိန်းသိမ်းပေးရန်နှင့် ကျူးကျော်သူများကို မည်သို့ အရေးယူမည်တို့နှင့်စပ်လျဉ်း၍ မေးမြန်း

၁၆ ဩဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ပေါင် မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက ပေါင်မြို့နယ်အတွင်းရှိ ရေစီးရေလာ ကောင်းမွန်သော ချောင်း၊ မြောင်းများကို မြေဖို့ကျူးကျော်ပြီး အကွက်ချ ရောင်းချခြင်းကြောင့် သဘာဝ အရင်းအမြစ်များ ပျောက်ဆုံးသွားနိုင်သည့် ဘေးမှ မည်သို့ကာကွယ်ထိန်းသိမ်းပေးရန်နှင့် ကျူးကျော်သူများကို ဥပဒေနှင့်အညီ မည်သို့ထိရောက်စွာ အရေးယူမည်တို့ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အတွင်းရှိ ချောင်းနှင့်မြောင်းများ၏ မူလဧရိယာပေါ်သို့ ရေစီးရေလာနှောင့်နှေးစေသည့် တိုးချဲ့ကျူးကျော်ဆောက်လုပ်ထားသော နေအိမ်များ၊ အိမ်ခြံမြေများကိုဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဒုတိယဥပဒေအရာရှိ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တို့က အဖွဲ့ဝင်များအဖြစ်ပါဝင်ပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် ဒုတိယဥပဒေအရာရှိ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့က အဖွဲ့ဝင်များအဖြစ်ပါဝင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည့် ကျူးကျော် ရှင်းလင်းရေးမြို့နယ်ကြီးကြပ်မှုကော်မတီကို ၂-၁၀-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပေါင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၉/၂၀၁၈)၏ ဆုံးဖြတ်ချက်အရ ပေါင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပေါင်းစပ် ဖြေကြားထားပါကြောင်း။

ဆက်လက်ပြီး အဆိုပါကျူးကျော်ရှင်းလင်းရေး မြို့နယ်ကြီးကြပ်ရေးကော်မတီသည် ချောင်း၊ မြောင်းများ၏ မူလဧရိယာပေါ်သို့ တိုးချဲ့ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ်များ၊ အိမ်ခြံမြေများကို ရှင်းလင်း ဖယ်ရှားအရေးယူဆောင်ရွက်နိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး ကျူးကျော်နေမှုများအပေါ် ဦးစွာ စာရင်းအချက်အလက်များကောက်ယူ၍ မြေအမျိုးအစား အလိုက် သက်ဆိုင်ရာဌာနများက ရှင်းလင်းဖယ်ရှားနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တစ်နေရာချင်းစီအလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ အချိန်ကာလကြာမြင့်နေသည့် ကျူးကျော်မှုများကို သက်ဆိုင်ရာဌာနမှ ကြိုတင်အသိပေးပြီး သတ်မှတ်ကာလအတွင်း ဖျက်သိမ်းခြင်းမရှိပါက တရားစွဲဆိုသွားရန်နှင့် ပြည်ထောင်စုက ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါ ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပေါင်းစပ်ဖြေကြားထားပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသည့် ၂၀ဝ၆ ခုနှစ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၂ တွင် မည်သူမျှ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ် တို့တွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုချက်မရှိဘဲ ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်း၊ မြေတူးခြင်း၊ မြေဖို့ခြင်း၊ နုန်းဖမ်းခြင်း၊ အင်းပတ်ခြင်း၊ တမံဖို့ခြင်း သို့မဟုတ် တုတ်ရိုက် ခြင်းမပြုရဟု ပြဋ္ဌာန်းတားမြစ်ထားပါကြောင်း၊ အဆိုပါဥပဒေ၏ ပုဒ်မ ၂၆ တွင် ပုဒ်မ ၁၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ၃၀ဝ၀ဝ၀ မှ အများဆုံးကျပ် ၇၀ဝ၀ဝ၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ မူလ ၂၀ဝ၆ ခုနှစ်ဥပဒေတွင် ငွေဒဏ်ကို ကျပ် ၃၀ဝ၀ဝ သာသတ်မှတ်ထားခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ငွေဒဏ်ကို တိုးမြှင့်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါကြောင်း။

အလားတူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ(ခ) တွင် မည်သူမျှ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထောက်ခံချက် မရှိဘဲ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင် အဆောက်အအုံများနှင့် တံတားများ၊ လမ်းများနှင့် ကမ်းထိန်းအဆောက်အအုံများ၊ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြု ရဟုလည်း ပြဋ္ဌာန်းတားမြစ်ထားပါကြောင်း၊ ၎င်းဥပဒေ၏ ပုဒ်မ ၂၅ တွင် ပုဒ်မ ၂၃ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ၅၀ဝ၀ဝ၀ မှ အများဆုံး ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ပြဋ္ဌာန်းထားပါကြောင်း၊ မူလ ၂၀ဝ၆ ခုနှစ်ဥပဒေတွင် ငွေဒဏ်ကို ကျပ် ၅၀ဝ၀ဝ သတ်မှတ်ထားခြင်းကို ၂၀၁၇ ခုနှစ်တွင် ငွေဒဏ် တိုးမြှင့်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၅ တွင် ဤဥပဒေအရ တရားစွဲဆိုသည့် ပြစ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုများ အဖြစ် သတ်မှတ်ထားပါကြောင်း။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ခ)အရ ယခင်ပို့ဆောင် ရေးဝန်ကြီးဌာနက ၂၈-၃-၂၀၁၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၀၃/၂၀၁၃) ဖြင့် ကမ်းပါးနယ်နှင့် ဆက်စပ်ပြီး ကမ်းထိန်းလုပ်ငန်း၊ ရေလမ်းထိန်းလုပ်ငန်းနှင့် မြစ်ချောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည့် ကမ်းနားနယ်အဖြစ် ဒီရေအမြင့်ဆုံးတက်ချိန် ၌ မြစ်ရေရောက်ရှိသည့် သို့မဟုတ် မြစ်ရေတက်ချိန်အမြင့်ဆုံး ပုံမှန်ရေမြင့်အမှတ်ရောက်ရှိသည့် ကမ်းပါးနယ်မှ ကုန်းတွင်းပိုင်း သို့ ပေ ၁၅၀ အထိရှိသော မြေနယ်နိမိတ်ကို ကမ်းနားနယ်အဖြစ် သတ်မှတ်ကြေငြာထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ သဘာဝရေအရင်းအမြစ်များ၊ မြစ်၊ ချောင်း၊ မြောင်းများ ပျောက်ဆုံးသွားနိုင်သည့် ဘေးမှကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရေးအတွက် မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဒေသအာဏာပိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ကျူးလွန်သူများကို ဌာနဆိုင်ရာမှ တစ်ကြိမ် စာပို့ပြီး သတိပေးသည့်အခါ အိမ်သည် တစ်ထပ်ပြီးသွားပြီး နောက်တစ်ကြိမ် သတိပေးစာ ထပ်မံပေးပို့သည့်အခါ နှစ်ထပ်ပြီးသွားပါကြောင်း၊ တချို့ဆိုလျှင် အိမ်သည် သုံးထပ်ဖြစ်သွားပါကြောင်း၊ ထိုကိစ္စများကို မည်သို့ အရေးယူ ဆောင်ရွက်ရမည်နည်း၊ ဌာနဆိုင်ရာများနှင့် ထိုအိမ်များကို ဆက်လက်ဆောက်ခွင့်ပေးမည်လား။ ထိုသို့သွားမည်ဆိုပါက နောက်လူများအနေဖြင့် ၎င်းလည်းဆောက်၍ရလျှင် မိမိလည်းကျူးမှာပဲ စသည့် လက်ညှိုးထိုးစရာများ ဖြစ်လာပါကြောင်း၊ ၎င်းကိစ္စကို ထိထိရောက်ရောက် မည်သို့ ဆောင်ရွက်ပေးမည်နည်း၊ အိမ်လုံးများ ဖြစ်သွားပြီးသည့်အပေါ် အရေးယူဆောင်ရွက်မှုသည် ဒဏ်ငွေသာလျှင် ပေးဆောင်ရမည်ဆိုပါက လူတိုင်းပေးနိုင်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ မြစ်ချောင်းများကို ကျူးကျော်ထားသည့်၊ အခိုင်အမာတည်ဆောက်ထားသည့်နေရာကို ထိထိရောက်ရောက် အရေးယူပြမှသာ နောင်တွင် ယခုကဲ့သို့ လုပ်၍မရဘူးဆိုသည်ကို ပြသရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခိုင်အမာ တည်ဆောက်ထားသည့် အဆောက်အဦများကို ဒဏ်ငွေနှင့်သာ ပြီးသွား မလားဆိုသည့် ဆက်စပ်မေးခွန်းမေးမြန်းရာ တစ်တိုင်းပြည်လုံးရှိ မြစ်၊ ချောင်းများတွင် ထိုသို့ကိစ္စရပ်များ အများအပြားရှိသည်မှာ မှန်ကန်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးမှုဦးစီးဌာန၏ ဥပဒေအရလည်း မိမိတင်ပြသွားသည့်အတိုင်း ရှိပြီးသားဖြစ်ပါကြောင်း၊ သို့သော် ယခုလိုကိစ္စများအား အရေးယူဆောင်ရွက်ရာတွင် မိမိတို့ ဦးစီးဌာနတစ်ခုတည်း အနေဖြင့် အရေးယူဆောင်ရွက်ရန် ခက်ခဲမှုရှိပါသဖြင့် မိမိတို့က သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ သက်ဆိုင်ရာတခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပေါင်မြို့နယ်စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ကြီးကြပ်မှု ကော်မတီကို ဖွဲ့ထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ဖွဲ့စည်းရာတွင် ဌာနတော်တော်များများ ပါဝင်ပြီး ၎င်းတို့မှ စီမံချက်တင်ပြီး စာရင်းပြုစုနေပါကြောင်း၊ ကော်မတီမှ နေရာချင်းအလိုက် စာရင်းအသေအချာထွက်လာပြီဆိုပါက မိမိတင်ပြခဲ့သည့်အတိုင်း မွန်ပြည်နယ်အစိုးရကို တင်ပြသည့် နေရာတွင် မိမိတို့ဌာနအနေဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

MDN
Credit. ပြည်သူ့လွှတ်တော်