ပေါင် ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျုံကကျေးရွာ၊ ကျုံကတိုက်ကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
ဆွေးနွေးဟောပြော
အခမ်းအနားတွင် မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အမှာစကားပြောကြားပြီး ပြည်နယ် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေ ရန်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းတို့ကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီးအရာရှိက ရေချိုသယံဇာတများ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် စစ်တမ်းနမူနာပုံစံအား ရှင်းလင်းပြောကြား၍ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


