ပေါင် ၂၇ ဇန်နဝါရီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများကို ဇန်နဝါရီလ နောက်ဆုံး အပတ်မှစတင်၍ ကြိုတင် ကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ဇန်နဝါရီလ ၂၂ ရက်တွင် စတင် ရောက်ရှိလာပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် ထိုးနှံပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များက အသီးသီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ကာကွယ်ဆေးထိုးနှံရမည့် စာရင်းရရှိးရေး အတွက် လူဦးရေစာရင်းများကောက်ယူရာတွင် အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ပြည့်ပြီးအသက်၊ ကျား/မ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်၊ မှတ်ချက်များ ပါဝင်ပြီး ဝန်ထမ်းများဖြစ်ပါက ဝန်ထမ်း ဌာနအမည် ဖော်ပြရမှာဖြစ်ပြီး အသက်(၁၈)နှစ် ပြည့်ပြီး သူတိုင်း ထိုးနှံပေးသွားမည်ဖြစ်သည်။
ထို့သို့ စာရင်းကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့်အတူ ပညာရေးဌာနဝန်ထမ်းများပူး ပေါင်း၍ မိမိတို့နယ်မြေအတွင်း လူဦးရေ မကျန်ရှိစေရေးအတွက် စနစ်တကျကောက်ယူ ပေးလျက်ရှိကြောင်း သိရှိရသည်။
ဝင်းမင်းသန်း(ပြန်/ဆက်)


