ပေါင် ၂၇ သြဂုတ်
မွန်တိုင်းရင်းသားလူမျိုးတို့၏ ရှေ့ကျသော ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သည့် ရွှေအိုးငွေအိုးမြှပ်နှံလှူဒါန်းပွဲ ကို သြဂုတ် ၂၆ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ မွန်ဘုန်းတော်ကြီးကျောင်းများ၌ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓ၏တရားတော်နှင့်အညီ နောင်သံသရာဘဝတွင် ကောင်းကျိုးချမ်းသာ ခံစားရရှိလိုခြင်းနှင့် မိမိတို့၏လုပ် အားဖြင့် ရရှိထားသော သန့်ရှင်းသည့် ပစ္စည်းများကို ဝါခေါင်လပြည့်နေ့ရောက်တိုင်း မွန်လူမျိုးများနေထိုင်ရာ ဒေသ များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရွှေအိုးငွေအိုးသဏ္ဍာန်အိုးများထားရှိပြီး မိမိလှူဒါန်းလိုသော လှူဖွယ်ပစ္စည်း များအား အိုးအတွင်းထည့်သွင်းကာ လှူဒါန်းမှုပြုလုပ်သော ဓလေ့တစ်ခုဖြစ်ကြောင်း ပေါင်မြို့ ကဒုံစီးတိုက်ကျောင်း ဆရာတော် ဦးပညာသာမိမှ မိန့်သည်။
“ မွန်အဘိုးအဘွားတွေက ရှေးယခင်က ပြုလုပ်လှူဒါန်းလာကြတဲ့ အစဉ်အလာတစ်ခုပါ။ဘယ်ချိန်က စလုပ်လာကြလည်းဆိုရင် အတိအကျမသိ နိုင်ပေမယ့် ဗုဒ္ဓစာပေထဲမှာဆိုရင် မွန်လူမျိုးဆိုပြီး စတင်ဖြစ်ပေါ်လာ ကတည်းကလုပ်လာတဲ့ဓလေ့တစ်ခုလို့ ယူဆကြ ပါတယ်” ဟု ဆရာတော် မိန့်သည်။
ရွှေအိုးငွေအိုးထဲတွင် ဆန်၊ ဆီ၊ ဆား၊ မုန့်ပဲသရေစာ၊ စာအုပ်၊ ဘောပင်နှင့် ငွေသားများ အစရှိသည့် ပစ္စည်းများကို မိမိတက်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြပြီး ရှေးယခင်နှစ်အဆက်ဆက်ကတည်းက ပြုလုပ်လာခဲ့ သော ရိုးရာအစဉ်အလာတစ်ခုကို ယနေ့အချိန်ထိ မွန်လူမျိုးများမှ လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ရိုးရာဓလေ့ တစ်ခုဖြစ်ကြောင်း သိရသည်။
" ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တဲ့အတွက် အလှူဒါနပြုရင် နောင်ဘဝမှာကောင်းကျိုးချမ်းသာ ရမှာကို ယုံကြည်တဲ့အတွက် ရှိတဲ့ပစ္စည်းတွေကို လာရောက်လှူဒါန်းတာပါ။ ဒီဓလေ့က ကိုယ်ရဲ့ အဘိုးအဘွားလက်ထက် ကတည်းက လုပ်လာတယ်လေ ဒါကို ကျွန်တော်တို့ အနေနဲ့ထိန်းသိမ်းသွားမှာပါ ''ဟု ပေါင်းရပ်ကွက်မှ နိုင်ထွန်းဝေ က ပြောသည်။
အဆိုပါ ရွှေအိုးငွေအိုးမြှပ်နှံလှူဒါန်းပွဲတော်ဓလေ့သည် မွန်တိုင်းရင်းသားလူမျိုးများ၏ ရာသီအလိုက်ပြုလုပ် သော ပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်စဉ် ဝါခေါင်လပြည့်နေ့ရောက်ရှိတိုင်း မွန်တိုင်းရင်းသားများ နေထိုင်ရာ ဒေသအသီးသီးတွင် ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ကိုဟိန်း ( ပေါင် )