ပေါင်   ဒီဇင်ဘာ   ၂၈

ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပေါင်မြို့နယ် ကတိုက်ရေလှောင်တမံဆည်မှ အချိန်မီပြည့်ဝစွာ ရေဖြန့်ဝေ ပေးထားသည့်အတွက် နွေစပါးစိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

“ယခုလို နွေစပါးစိုက်ဧကများအတွက် ဆည်ရေရရှိလာသည်နှင့် တပြိုင်နက် လုပ်ငန်းခွင် စတင်လည်ပတ်နိုင်သောကြောင့် ရာသီဥတုဘေးအန္တရာယ်ကို စိုးရိမ်စရာမလိုဘဲ မြန်မြန်ဆန်ဆန်ဖြင့် နွေစပါးရိတ်သိမ်းနိုင်မှာ ဖြစ်တယ်”ဟု ပေါင်မြို့နယ်မှ နွေစပါးစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

“အခုလို ဆည်ရေမြန်မြန်ရတော့ အဆင်ပြေတာပေါ့။ ဒီမှာ ကျွန်တော်တို့က အဆင်သင့်ဖြစ်နေအောင် ကြိုတင် ပြင်ဆင်ထားတယ်။ ရေရတာနဲ့ လုပ်ငန်းစလို့ရအောင် အခု ဆည်ရေ အချိန်မီရတော့ ပိုကောင်းတာပေါ့။ ခုနောက်ပိုင်း ရာသီဥတုကလည်း သိမ့်မမှန်ဘူး၊ မိုးရွာရင် ရွာတယ်လေ။ အခု ရေစောစောရတော့ အချိန်မီ စပါးရိတ်သိမ်းနိုင်တယ်၊ နောက်မိုးစပါးရာသီအတွက် ကြိုတင်ပြင်ဆင်လို့ရတာပေါ့၊ ဒီနှစ်တောင်သူတွေ အရမ်းအဆင်ပြေတယ်” ဟု ၎င်းက ဆက်ပြောသည်။

နွေစပါးစိုက်ပျိုးမည့်တောင်သူများ ရေအပြည့်အဝရရှိကာ စိုက်ပျိုးနိုင်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ပေါင်မြို့နယ် ကတိုက်ဆည်ရေမှ ယခုနှစ် နွေစပါးစိုက်ဧက(၁၅၀၀၀)ကျော်အား ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ရေဖြန့်ဝေပေးခဲ့ကြောင်း တည်ဆောက်ရေး(၆) သထုံမြို့ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပြောသည်။

ဒါ့အပြင် နွေစပါးစိုက်ပျိုးရာတွင် ရေညီညွတ်မျှတစွာ ရရှိရေးနှင့် ကြုံတွေ့လာမည့်အခက်အခဲ လိုအပ်ချက်များ စုပေါင်းဖြေရှင်းနိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့(WUG)ကို တောင်သူများဖြင့် ယမန်နှစ်မှ စတင်ဖွဲ့စည်း ပေးထားပြီး ၎င်းတို့အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ သတင်းဖလှယ်ခြင်း၊ ပူးပေါင်းဖြေရှင်းမှုများ ဆောင်ရွက်ခဲ့သည့်အတွက် တစ်နှစ်ထက်တစ်နှစ် ဆည်ရေပေးဝေမှု ပိုမိုအဆင်ပြေလာကြောင်း ၎င်းက ဆက်ပြောသည်။

ကတိုက်ရေလှောင်တမံသည် ရေလှောင်ပမာဏ ဧကပေ(၅၅၀၀၀) ကျော်ရှိပြီး အသုံးပြုနိုင်သည့်ရေပမာဏ ဧကပေ(၅၄၀၀၀)ကျော်ရှိရာ မူလတည်ဆောက်စဉ် ဧက(၁၀၀၀၀)ကို နွေစပါးစိုက်ပျိုးရန် ရည်ရွယ်ထားသော်လည်း နွေစပါးသီးနှံဖြစ်ထွန်းမှုနှင့် နှစ်စဉ်နွေစပါးဧရိယာ တိုးချဲ့စိုက်ပျိုးလာသောကြောင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ စိုက်ဧက (၁၅၀၀၀)ကေျာ်အတွက် ရေပြည့်ဝစွာ ဖြန့်ဖြူးပေးဝေခဲ့ကြောင်း တည်ဆောက်ရေး(၆) သထုံမြို့ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် ပြန်/ဆက်