ပေါင်းတည်မြို့၌ ရပ်ကွက်များတွင် ကောင်းမွန်သန့်ရှင်းသောပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး ရပ်ကွက် အခြေပြု စုပေါင်းအမှိုက်ကောက်စွန့်ပစ်ခြင်းဆောင်ရွက်

ပေါင်းတည်  ၂  ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့၌ ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး အတွက် ရပ်ကွက်အခြေပြု စုပေါင်းအမှိုက်ကောက် စွန့်ပစ်ခြင်း ဆောင်ရွက်မှုကို နွယ်ချို(၂) ရပ်ကွက် Excel Youths အဖွဲ့မှ ယမန်နေ့နံနက်(၇)နာရီက(တတိယ)အကြိမ်အဖြစ် ဟင်္သာကန်ရပ်ကွက်အတွင်း၌ စုပေါင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်စုပေါင်းအမှိုက်ပုံအထိ စွန့်ပစ်ပေးခဲ့ကြကြောင်း သိရှိရသည်။

 

အဆိုပါ Excel Youthsအဖွဲ့ အားနွယ်ချို(၂) ရပ်ကွက်အတွင်းရှိ လူငယ်များစုစည်းပြီး ယခုနှစ် နိုဝင်ဘာ လဆန်းမှ စတင်ဖွဲ့စည်းခဲ့ကြောင်း ဦးဆောင်သူ ကိုအောင်မြင့်သူထံမှ သိရသည်။

 

ရည်ရွယ်တာကတော့ ရပ်ကွက်အတွင်းရှိပြည်သူများ၏ ကျန်းမာသန့်ရှင်းရေး အနံ့အသက်များ ကောင်းမွန် စေရေးအတွက် အမှိုက်နှင့်အညစ်အကြေးများကို ကိုယ့်အားကိုယ်ကိုးဖြင့် စနစ်တကျ စွန့်ပစ် နိုင်တတ်စေဖို့၊ လူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့နဲ့ ရပ်ကွက်အခြေပြုပြီး မြို့နယ် အတွင်း အမှိုက်စွန့်ပစ် စနစ်တွင် ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ယခုလို ကျွန်မတို့ရပ်ကွက်မှ စတင် ဦးဆောင် ဖွဲ့စည်း၍ ဒေသခံပြည်သူများပူးပေါင်းပါဝင်၍ မြို့ပေါ်ရပ်ကွက်အသီးသီးတွင် စုပေါင်း အမှိုက်ကောက် စွန့်ပစ်ခြင်းလုပ်ငန်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်သွားကြစေ‌‌ရေး အသိပေး တိုက်တွန်းပါကြောင်း အဖွဲ့ဝင် မနန္ဒာရည်ဦးက ပြောကြားသည်။

 

အဆိုပါအဖွဲ့အနေဖြင့် လူငယ်အများစုအားတဲ့ ကျောင်းပိတ်ရက် အလုပ်ပိတ်ရက်နှင့်ဈေးကြီးပိတ်ရက် တနင်္ဂ‌နွေနေ့ကို ရွေးချယ်ပြီး တတိယအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း မြို့ပေါ်ရှိ ရပ်ကွက်များတွင် အလှည့်ကြ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရပ်ကွက်အတွင်းရှိ ပရဟိတ စိတ်ဓာတ်ရှိသူ ရပ်ကျိုးရွာကျိုး ဆောင်ရွက်လိုသူလူငယ် ၅၀ နှင့် အခြားရပ်ကွက်များမှလာရောက် ပူးပေါင်းကူညီ ဆောင်ရွက်လိုသူ လူငယ်များဖြင့် ယခုကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်းနှင့် သန့်ရှင်းရေးဆောင်ရွက်သူ များကို အလှူရှင်များက နံနက်စာ များဖြင့် သန့်ရှင်းရေးဆောင်ရွက်သည့် အပတ်တိုင်းတွင်လာရောက် ကျွေးမွေး ဒါနပြုကြကြောင်း Excel Youths အဖွဲ့ထံ သိရှိရသည်။

 

တင်‌ဝင်းဇော်(မင်းသားကြီး)