ပေါင်းတည် ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ရှိ တောင်သူများသည် အဓိကသီးနှံအဖြစ် ပဲမျိုးစုံ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် မတ်ပဲ ၄၂၀၇၉ ဧကအထိ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းခဲ့ပြီး ဒေသခံတောင်သူများအနေဖြင့် အဓိကအားထားစိုက်ပျိုးခဲ့ကြသည့် မတ်ပဲသီးနှံများကို ယခုရက်ပိုင်းအတွင်းမှ စတင်ရိတ်သိမ်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ပဲမျိုးစုံစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်အထွက်ကောင်း TBL.9 မျိုးကို အားထားစိုက်ပျိုးခဲ့ကြကြောင်း၊ နိုင်ငံတော်မှ မတ်ပဲသီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးကို အလေးထားအားပေးလျက်ရှိရာ တောင်သူများ၏ စိုက်ပျိုးရေးစရိတ် လိုအပ်ချက်များ၊ စိုက်ပျိုးရေး နည်းပညာများနှင့် သွင်းအားစုများကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း၊ တောင်သူအကျိုးစီးပွား ပိုမိုဖြစ်ထွန်းနိုင်ရေးနှင့် သီးနှံပို့ကုန်တိုးတက်ရေးတို့အတွက် မတ်ပဲသီးနှံအနေဖြင့် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ချက် တစ်ဧက ၂၅ တင်းနှုန်းပြည့်မီ ကျော်လွန်အောင် ရည်မှန်းစိုက်ပျိုး ထုတ်လုပ်ရရှိနိုင်စေရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့က တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ ပူးပေါင်းကူညီကြိုးပမ်းအားထုတ်ခဲ့ကြကြောင်းသိရသည်။
ပဲပေါ်စ ယခုလတ်တလောအချိန်၌ ဒေသတွင်း ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ကိုင်သူများအနေဖြင့် မတ်ပဲတစ်တင်းလျှင် ငွေကျပ်တစ်သိန်းခန့်ဖြင့် ဈေးဖွင့်ထားလျက်ရှိပြီး တောင်သူများအနေဖြင့် လတ်တလော ရိတ်သိမ်းပြီး ပဲများကို လက်ဝယ်စုဆောင်းထားရှိကာ ပဲဈေးနှုန်းပိုမိုရရှိရေးအတွက် ဆက်လက်မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ရွှေသား(IPRD)


