ပေါင်းတည် မတ် ၁၆

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ယခုနှစ် နွေစပါးရာသီတွင် နွေစပါးများ စိုက်ပျိုးလျက်ရှိပြီး မတ် ၁၅ ရက်အထိ ၂၄၀၁၂ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

 

 ယခုနှစ် နွေစပါးစိုက်ပျိုးရန် မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီအဖွဲ့က တောင်သူများနှင့် ပူးပေါင်းညှိနှိုင်းကာ ဧက ၂၆၅၀၀ စိုက်ပျိုးရန် လျာထားသတ်မှတ်ခဲ့ကြောင်း၊ နွေစပါးစိုက်ပျိုးရန် စိုက်ပျိုးရေကို ဇန်နဝါရီ ၁၅ ရက်တွင် စတင်ဖြန့်ဝေပေးခဲ့ကြောင်း၊ နွေစပါးစိုက်မည့်ဧရိယာသည် အများအားဖြင့် သုံးသီးစားနှင့် နှစ်သီးစား စိုက်ပျိုးမြေများဖြစ်ပြီး ယခုအခါ မတ်ပဲများရိတ်သိမ်းပြီးစီး၍ နွေစပါးစိုက်ပျိုးရန် တောင်သူများ ဆက်လက်ထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

နွေစပါးစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်ရေးအတွက် ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေကို စဉ်ဆက်မပြတ် လုံလောက်စွာ ပို့လွှတ်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ထိုစိုက်ပျိုးရေဖြင့် ပြည်တွင်းစားရေရိက္ခာဖူလုံပြည့်စုံစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးနှင့် မိမိတို့အကျိုးစီးပွား ပိုမိုဖြစ်ထွန်းနိုင်ရေးတို့အတွက် စိုက်ပျိုးရန် ကျန်ရှိသည့်ဧက နှစ်ထောင်ကျော်ကို ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)