ပေါင်းတည် ၁၇  မေ 

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု သစ်ပျောက်စမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မေ ၁၆ ရက် နံနက် ၁၀ နာရီက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အရှိုချင်းစာပေသင်တန်း ဖွင့်ပွဲ ပြုလုပ်သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အရှိုချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဆလိုင်းအေးပိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ 

 

သင်တန်းသို့သင်တန်းသား ၂၅ ဦးတက်ရောက်ပြီး ၅ ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်သည်။

 

အဆိုပါ သစ်ပျောက်စမ်းကျေးရွာမှာ ပေါင်းတည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့ ဆက်စပ်ရာ ဒေသတွင် လွန်ခဲ့သော နှစ်တစ်ရာခန့်ကပင် စတင်တည်ရှိပြီး တောင်ပေါ်ကျေးရွာလေးဖြစ်ကာ အိမ်ခြေ ၃၀ သာရှိကြောင်း၊ တစ်ရွာလုံးအရှိုချင်းတိုင်းရင်းသားများသာနေထိုင်၍ အရှိုချင်းဘာသာစကားနှင့်သာပြောဆိုကြပြီး မရေးနိုင် မဖတ်နိုင်ကြောင်း သိရှိရသည်။

 

ယခုကဲ့သို့ ကျေးရွာတွင် လာရောက်သင်တန်းဖွင့်လှစ်ပေးမှုကြောင့် ၂၀၁၈/၂၀၁၉ ပညာသင်နှစ်မှစတင်ကာ ရွာရှိ မူလတန်းကျောင်းတွင်ချင်းစာပေကို သင်ကြားခွင့်ရရှိလာမည်ဖြစ်ကာ ဆရာမ ၂ ဦးဖြင့်စနစ်တစ်ကျ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။  ဒေသနေအရှိုချင်းတိုင်းရင်းသားမျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိဘာသာစကားကို သေချာတတ်မြောက်ကျွမ်းကျင်ကာ လူနေမှုဘဝပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း သင်တန်းဖြစ်မြောက်ရေးကြိုးပမ်းခဲ့သူ ဆလိုင်းအေးပိုင်က ပြောသည်။

 

တင်ဝင်းဇော်(မင်းသားကြီး)