ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်က ပရိသတ်များနှင့်တိုက်ရိုက်ဆက်သွယ်နိုင်ရန် အက်ပလီကေးရှင်းတစ်ခု မိတ်ဆက်မည်

၁၃ အောက်တိုဘာ

တေးသံရှင် တေလာဆွစ်က ပရိသတ်များနှင့် ဆက်သွယ်နိုင်ရန်အတွက် အက်ပလီကေးရှင်းသစ်တစ်ခုကို ယခုနှစ်မကုန်မီ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အက်ပလီကေးရှင်းတွင် ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်၏ နောက်ဆုံးရိုက်ကူးထားသည့် သီးသန့် ဓာတ်ပုံများ၊ တေးသီချင်းများ၊ ဗီဒီယိုဖိုင်များကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်ပြီး အဲဒီအပေါ် ပရိသတ်များရဲ့ ဝေဖန် အကြံပြုတဲ့ မှတ်ချက်တွေကိုလည်း ခွင့်ပြုသွားမှာဖြစ်ကြောင်း သိရသည်။

ယင်းအက်ပလီကေးရှင်းသည် ပေါ့ပ်ကြယ်ပွင့်တေလာနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် အကောင်းမွန်ဆုံး တစ်ခုတည်းသော ဆက်သွယ်ရေး နည်းလမ်းတစ်ခုဖြစ်ကြောင်း အဆိုပါ App ၏ နမူနာဗီဒီယိုတွင် ဖော်ပြထားသည်။

ပရိသတ်တွေအနေနဲ့ ဒီ App ကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်’’ဟု ယင်းနမူနာဗီဒီယိုတွင် တေလာဆွစ်က ပြောကြားထားသည်။

တေလာဆွစ်၏ ယင်းအက်ပလီကေးရှင်းကို စမတ်ဖုန်း၊ တက်ဘလက်နှင့် မိုဘိုင်းဂိမ်းများဖန်တီးရှင် Glu မှ ဖန်တီးပေးထားခြင်းဖြစ်ကြောင်းနှင့် The Swift Life ဟု အမည်ပေးထားသည့် အဆိုပါ App ကို iOS နှင့် အန်းဒရိုက်အသုံးပြုသူများအတွက်လည်း လွယ်ကူအဆင်ပြေစွာ သုံးစွဲနိုင်အောင် စီစဉ်ပေးသွားမည်ဖြစ်ပြီး Taymojis အမည်ရှိ တေလာဆွစ်၏ emoji စတစ်ကာများကိုလည်း ဖော်ပြသွားနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖြိုး(MDN)