ယူအီးအက်ဖ်အေ   နေးရှင်းလိဂ်ပြိုင်ပွဲ   နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ်  ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ အလီး နက်ဇ်အရီနာ အားကစားကွင်း၌ ဇွန် ၉ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ပေါ်တူဂီနှင့် စပိန်အသင်းပွဲစဉ်တွင်   ပေါ်တူဂီအသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင်   ငါးဂိုး- သုံးဂိုးဖြင့်   နိုင်ပွဲရပြီး နေးရှင်းလိဂ်ဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျနေ၍ အချိန်ပို မိနစ် ၃၀  ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရသည်။   အချိန်ပို   မိနစ် ၃၀ တွင်လည်း တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင် ခြင်းမရှိသည့်အတွက်     ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရသည်။

ပယ်နယ်တီအဆုံးအဖြတ်တွင် ဂိုးသမား  ကော်စတာက မိုရာတာ၏ ကန်သွင်းချက်ကို  လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သည့်အတွက် ပေါ်တူဂီအသင်းက   ငါးဂိုး - သုံးဂိုးဖြင့်  အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

စပိန်အသင်းသည် ပေါ်တူဂီအသင်းထက် ဂိုးရရှိနိုင်သည့် အခွင့်အရေးများနှင့်အတူ ပွဲချိန်တစ်လျှောက်    ဖိအားပေး တိုက်စစ်ဆင်ကစားနိုင်ခဲ့သော်လည်း နိုင်ပွဲရသည်အထိ စွမ်းဆောင်နိုင်ခြင်း မရှိသည့် အတွက်   ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့သည်။ ပေါ်တူဂီအသင်း ဂိုးသမား ဒီယေဂိုကော်စတာသည်    ပြိုင်ဘက် ကစားသမားများ၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများကို    လက်စွမ်းပြကာကွယ်နိုင်ခဲ့ သည်။

ပေါ်တူဂီအသင်းသည် နေးရှင်းလိဂ်ဖလားကို ၂၀၁၉ ခုနှစ်က ပထမဆုံးအကြိမ် ဆွတ်ခူးရရှိထား သည့် အသင်းဖြစ်သည်။  ပေါ်တူဂီတိုက်စစ်ကစားသမားကြီး စီရော်နယ်ဒိုသည် ယူအီးအက်ဖ်အေက ကြီးမှူး ကျင်းပသည့် ပြိုင်ပွဲများတွင် ပေါ်တူဂီအသင်းနှင့်အတူ ဆုဖလားသုံးလုံး ဆွတ်ခူးရရှိလာပြီ ဖြစ်သည်။

ထို့အပြင် ၂၀၂၃  ခုနှစ်က နည်းပြအဖြစ်  စတင်တာဝန်ယူခဲ့သည့် ရော်ဘတ်တို   မာတီနက်ဇ်သည်  ပေါ်တူဂီအသင်းနှင့်အတူ   ပထမဆုံးအကြိမ် နေးရှင်းလိဂ်ဖလားကို ဆွတ်ခူးအောင်ပွဲခံနိုင်ခဲ့သည်။

အောင်ဇော်