မန္တလေး ဇွန် ၂၅
ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ ပေါ်ဦးပေါ်ဖျား ဂျပန်နှမ်းဖြူများအဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာကာ အရောင်းအဝယ်သွက်နေကြောင်း မန္တလေးမြို့ရှိ နှမ်းကုန်သည်များထံမှ သိရသည်။
အဆိုပါ ဂျပန်နှမ်းဖြူမှာ လက်ရှိတွင် မန္တလေးဈေးကွက်သို့ မုံရွာ၊ မြင်းမူ၊ မြောင်၊ ကျောက်ဆည်နယ်တို့မှ ဝင်ရောက်လာကြောင်း၊ ဂျပန်နှမ်းဖြူသည် မေလဆန်းပိုင်းက သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀ ရှိခဲ့ရာမှ ယနေ့ပေါက်ဈေးများအနေဖြင့် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၀၃၀၀၀ ပေါက်ဈေးရှိကာ တစ်လအတွင်း စံချိန်တင်မြင့်တက်လာကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦး စိုးဝင်းမြင့်က ပြောပြသည်။
အဆိုပါ နှမ်းသီးနှံကို သီးထပ်အဖြစ် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး ရက် ၁၀၀ အတွင်း ပေါ်ထွက်လေ့ရှိသော သီးနှံဖြစ်သည့်အပြင် ရောင်းချရာတွင်လည်း အခက်အခဲမရှိသော မြန်မာ့ ထွက်ကုန် တစ်ခုဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နှင့် လယ်တွင်း ကိုးခရိုင်မှ ထွက်ရှိလာသည့် ဂျပန်နှမ်းဖြူများသည် ဈေးကွက်အတွင်း၌ လူကြိုက်အများဆုံးဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)