လော့စ်အိန်ဂျလိစ် ၁၀ နိုဝင်ဘာ
Pfizer ကုမ္ပဏီက ၎င်းတို့ထုတ် ကိုဗစ်ကာကွယ်ဆေးမှာ ကူးစက်မှု ၉၀ ရာခိုင်နှုန်းကျော်အား ကာကွယ် နိုင်ကြောင်းကို ကိုဗစ်-၁၉ ရောဂါ အခြေပြု ကာလရှည် လေ့လာချက်များအရ အတည်ပြုနိုင်ပြီဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ အဲဘတ်ဘိုဘာက ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Pfizer နှင့် ယင်း၏ ဆေးဝါးမိတ်ဖက် ဂျာမနီဆေးဝါးလုပ်ငန်း BioNTech တို့ ပူးပေါင်းစမ်းသပ်နေသည့် ကာကွယ် ဆေးမှာ လူပေါင်းများစွာကို စမ်းသပ်မှု ပြုခဲ့ပြီးနောက် ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီက အန္တရာယ် ကင်းရေးကိစ္စရပ်အတွက် စိုးရိမ်စရာ မလိုသည့် အနေအထားရှိပြီး ယခုလ နှောင်းပိုင်းတွင် အမေရိကန်အရေးပေါ် ကုသရေးတွင် စတင်အသုံးပြုနိုင်မည် ဟု မျှော်လင့်ထားသည်။
သို့သော် ခွင့်ပြုချက်ရရှိပါကလည်း ဆေးဝါးအရေအတွက် များစွာဖြန့်ဖြူး နိုင်ဦးမည်မဟုတ်ကြောင်း သိရသည်။ ကာကွယ်ဆေးတစ်ကြိမ် ထိုးထားပါက အချိန်မည်မျှကြာအောင် ရောဂါ ကူးစက်နိုင်မှုအား ကာကွယ်နိုင်မည်လဲ ဆိုသည့်အချက်နှင့် ပတ်သက်ပြီး မေးခွန်းများရှိနေဆဲဖြစ်သည်။
Pfizer ကုမ္ပဏီဥက္ကဋ္ဌ အဲဘတ် ဘိုလာက “ဒီဆေးက စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့်ဖို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ထမ်းထားရတဲ့ ဝန်ထုပ် ဝန်ပိုးတွေကို လျှော့ချပေးနိုင်တော့မယ် ဆိုတာကို ဒီနေရာက ပြောကြားလိုပါ တယ်။ ဆေးက ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတယ်ဆိုတာ လူအများကို စမ်းသပ်ပြီး တွေ့ရှိခဲ့ရတာပါ။ ဆေးလောကရဲ့ အကြီးအကျယ် အောင်မြင်မှုပါ”ဟု ပြောကြားခဲ့သည်။
ထိပ်တန်းဆေးပညာရှင် ဘီလ်ဂရူ ဘာကကလည်း လူသားများအားလုံး ကပ်ရောဂါဆိုးမှ လွတ်မြောက်လုနီးပါး ရှိနိုင်ပြီဆိုသည်ကို ဆေးစမ်းသပ်ချက် များမှတစ်ဆင့် သိရကြောင်း ထောက်ခံချက်ပေးခဲ့သည်။
ကုမ္ပဏီသည် လူပေါင်းများစွာကို စမ်းသပ်ခဲ့သည်ဟု ပြောကြားခဲ့သော် လည်း ဖျားနာသူအရေအတွက် မည်မျှ ကို စမ်းသပ်ခဲ့သလဲဟူသော အချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောကြားခြင်းမရှိခဲ့ဘဲ စမ်းသပ်ခံသူ များတွင် ၁၆၄ ဦးမှာ ကိုဗစ်-၁၉ ကူးစက်မှုကို တွန်းလှန်နိုင်ခြင်းမရှိ ဟုသာ ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - မေလဲ့သင်း