ဖားဆောင်း ၆ မတ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်း တစ်ခုဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)တို့ ပူးပေါင်းဆောက်လုပ်သည့် ခဲမဖြူကျေးရွာရှိ အမှတ်(၂) အခြေခံမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှ စီမံကိန်းဒါရိုက်တာ ဒေါ်အေးအေးသန့်က ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့) တာဝန်ရှိသူတို့နှင့် ကျောင်းဆောက်လုပ်ရေး ကော်မတီမှ တာဝန်ရှိသူတို့က ပညာရေးဌာနတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ(၇၅)သိန်းကျပ်ကို နိပွန်ဖောင်ဒေးရှင်းက ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံ ပေးအပ်ခဲ့ကာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
အလားတူ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအံ့မော်နှင့်နယ်စပ် ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ခဲမဖြူကျေးရွာ လမ်းပြကြယ်ဖြူ ဘော်ဒါဆောင်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၄၀ အား ဘော်ဒါဆောင်တာဝန်ရှိသူထံပေးအပ်ခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်သစ် အား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျောင်းဝန်းအတွင်း အရိပ်ရသစ်ပင်များအား အမှတ်တရ စိုက်ပျိုးခဲ့ကြသည်။
နန်းသဲနုအောင်(ပြန်/ဆက်)


