လွိုင်ကော် ၇ ဇန်နဝါရီ 

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်သည့် ဒေသတစ်ခုဖြစ်ပြီး မြေအောက်ရေအရင်းအမြစ် ရရှိမှုခက်ခဲ၍ ရေရှားပါးမှုများနှင့် ကြုံတွေ့လျက်ရှိသည့် ဒေသဖြစ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မော်ချီးဒေသ ရေရရှိရေးအတွက် ရန်ပုံငွေများအား လျာထားဆောင်ရွက်ခဲ့သည်။ ရေရရှိရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ဒီဇိုင်းရေးဆွဲကာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ Royal Country Development Company Limited မှ ကွင်းဆင်းစိစစ် ဆောင်ရွက်ထားရှိမှုများနှင့် ဒီဇိုင်းရေးဆွဲ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးကျော်သူအောင်နှင့် Royal Country Development Cam pany Limited မှ တာဝန်ရှိသူတို့မှ မော်ချီးဒေသ ရေရရှိရေးလုပ်ငန်း ကွင်းဆင်းစိစစ်ဆောင်ရွက်ထားရှိမှုများနှင့် ရေရရှိရေးလုပ်ငန်း ဒီဇိုင်းရေးဆွဲထားရှိမှုများအား ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက လိုအပ်သည်များ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြသည်။

တင်ပြချက်နှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ ဒေသနှင့်လျော်ညီပြီး ရေရှည်တည်တံ့သည့် ရေရရှိရေးလုပ်ငန်း ဒီဇိုင်းရရှိရေးအတွက် ပိုမိုကောင်းမွန်သည့် ဒီဇိုင်းရရှိအောင် ဆောင်ရွက်သင့်ကြောင်း၊ လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရမည့် အခက်အခဲများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ထို့အပြင် လုပ်ငန်းမစတင်မီ မမြင်နိုင်သည့် ပြဿနာအခက်အခဲများလည်း ပေါ်ပေါက်လာနိုင်ပါကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနများအနေနှင့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းသဘောတူညီချက်များ ရယူဆောင်ရွက်ထားရန်လိုကြောင်း၊ ရေရရှိရေး လုပ်ငန်းစဉ်များအားလုံး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများ အားလုံးနှင့် ချိတ်ဆက်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်သွားကြရမည် ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကုမ္ပဏီမှ ကိုယ်စားလှယ်များမှ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းလေး(ပြန်/ဆက်)