နေပြည်တော် ၅ ဩဂုတ်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃ ရက် ညပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာနေ ဇော်လတ်နှင့် မချောစုလှိုင် (ခ) ချောစုတို့၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၉၅၀၊ မြန်မာငွေကျပ်သိန်း ၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ အလားတူ ဩဂုတ် ၄ ရက် နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြမြင့်မိုရ်လမ်းနေ စောမြင့်ကြည်သိန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၆၀ ကိုလည်းကောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သိန္နီမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွယ်နီလမ်း၊ အမှတ်(၄/၀၇၆)ရှိ သူရ(ခ)မော်စင်ချဲ နေထိုင်သည့် နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဇနီးဖြစ်သူ မမာကော့ (ခ) လီကျွင်း (ခ) ဝါဝါဝင်းအား တွေ့ရှိပြီး နေအိမ်မှ ဘိန်းစိမ်း ၁ ဒသမ ၆ ကီလို၊ အိုက်စ် ၂ ကီလို၊ မောင်းပြန်ရိုင်ဖယ် သေနတ် ၁ လက်၊ ၎င်းကျည် ၇ တောင့်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ်၊ မှော်ဘီ-တုံဟုံး-ပင်လောင်းသွားကားလမ်း၊ တုံဟုံးတံတားရဲကင်းအနီးတွင် လှအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၅၅ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညောင်ရွှေမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နမ့်ဟူးကြီးကျေးရွာနေ ခွန်မောင်ဖြိန်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဇနီးဖြစ်သူ မနန်းလောင်အားတွေ့ရှိပြီး နေအိမ်မှ ဘိန်းစိမ်း ၃၅ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား