နေပြည်တော် ၆ အောက်တိုဘာ
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက် ည ၇ နာရီက သတင်းအရ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လုံးခင်း-ဥရုဆွတ် အိန်ယန်ကျေးရွာသွား ကားလမ်း၊ ဥရုဆွတ်အိန်ယန်ကျေးရွာအဝင်၌ ဝင်းဇော်မောင်းနှင်ပြီး အောင်သိန်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ကိုလည်းကောင်း၊
အလားတူ ယင်းနေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ကောလင်း-ထီးချိုင့်သွား ကားလမ်း၊ ကညို့အင်းကျေးရွာအနီး တွင် မသန်းသန်းဌေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် သျှားညီ မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်တို့အား ရပ်တန့်၍ စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကောလင်းမြို့နယ်၊ ကျောက်တန်းလမ်းဆုံအနီးတွင် မကြင်မြိုင်(ခ) ကြည်မြိုင်(ခ) ကတုံးမ အားလည်းကောင်း၊ ဆက်လက်၍ ကောလင်းမြို့နယ်၊ ကောလင်း-ဥက္ကံသွား ကားလမ်း၊ နတ်သျှင်တောင်လမ်းဆုံ အနီးတွင် ဇင်မင်းထွန်း(ခ)ပွဲကျော်၊ ချိုလင်းအောင်နှင့် ဇော်မင်းနိုင်တို့အား လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ထို့အတူ ထိုနေ့ ညနေ ၄ နာရီခွဲတွင် ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ နားခဲကြီးကျေးရွာနေ အိုက်စံ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိုက်စံအား နေအိမ်၌မတွေ့ရှိဘဲ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ညွန့်နှင့် သားဖြစ်သူ ကုလား(ခ)ကျော်ထူးတို့ကိုတွေ့ ရှိရပြီး နေအိမ်ဈေးဆိုင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၁၇ ပြား ကိုလည်းကောင်း၊
အလားတူညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စု၊ လွယ်မယ်ကျေးရွာတောင်တက် လမ်းတွင် လမ်းလျှောက်လာသူ ချမ်းမြေ့သူရိန်(ခ)အာကာစိုးအား မသင်္ကာ၍ စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၃၀ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား