ဖားကန့် ၁၁ ဇူလိုင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ လခူးချောင်မှ ဇူလိုင် ၂ ရက်က ကျောက်မျက်လုပ်ကွက်များ တူးဖော်ထားရစ်ခဲ့သည့် ရေအိုင်ဘက်သို့ ကျင်းကမ်းပါး မြေပြိုခဲ့ရာနေရာအနီး အထက်ပိုင်းကျသည့် မြေမှန်နေရာတွင် ယမန်နေ့ည ၁၁ နာရီခန့်က ခကျန်နှင့် လခူးချောင်ဘက်မှ အမြင့် ပေ ၅၀၀၊ အကျယ် ပေ ၄၀ ခန့် မြေသားများ ထပ်မံပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယခုထပ်မံ မြေပြိုကျခဲ့သည့်နေရာ၏ အောက်တွင် ယခင်က ကျောက်စိမ်းမင်း ကျောက်မျက်တူးဖော်ရေး လုပ်ကွက် လုပ်ကိုင်ခဲ့ဖူးပြီး ယခုမြေပြိုကျမှုကြောင့် ပျောက်ဆုံးသူများနှင့် အသေအပျောက်မရှိကြောင်း သိရပြီး ခကျန်နှင့် လခူးချောင်တို့ရှိ နေအိမ်များ၊ လမ်းများအားလုံး ဆက်လက်မြေပြိုရာတွင် ပါနိုင်သည့် အနေအထားရှိနေကြောင်း သိရသည်။

 

“ခကျန်နဲ့ လခူးချောင်က တစ်ကြောလုံး မြေကတစ်ဖက်နိမ့်ဖြစ်နေပြီး အက်ကြောင်းတွေ ထနေတာ၊ ဆက်ပြိုဖို့ရှိတယ်၊ အန္တရာယ်ရှိ အနေအထားပေါ့” ဟု လက်ရှိအခြေအနေကို ဝှေခါကျေးရွာမှ ကိုနိုင်ဝင်းရွှေက ပြောသည်။

 

ဆက်လက်မြေပြိုနိုင်သည့် နေရာများမှ ပြည်သူများအား အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက နေရာပြောင်းရွှေ့ကြရန်နှင့် သတိပေးတားမြစ်ချက်များ ဆော်ဩထုတ်ပြန်ထားကြောင်း သိရသည်။

 

ဝှေခါမှော်၌ ဇူလိုင် ၂ ရက် ဖြစ်စဉ်ကြောင့် ရေမဆေးကျောက်ရှာသူ (၁၇၂)ဦး၏ ရုပ်အလောင်းများ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးကြောင်း တိုင်ကြားထားသူ (၂၀)ဦးနှင့် ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူရသူ (၄၇)ဦးရှိကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)