ဖားကန့်           ၁၃     ဇူလိုင်    

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်၌ မြေပြိုဘေးသင့်၍ သေဆုံးခဲ့ရသူများအတွက် ရည်စူး၍ မြို့နယ်အတွင်းမှ ဆရာတော် သံဃာတော် အပါး(၂၀၀)အား ပင့်ဖိတ်အလှူဒါနကုသိုလ်ပြုပြီး အမျှအတန်းပေးဝေခြင်းကို သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ ဦးဆောင်ပြီး ယနေ့ မွန်းလွဲ ၂  နာရီက မြေပြိုမှုဖြစ်ပွားခဲ့ရာနေရာအနီး၌ ဆောင်ရွက်ခဲ့သည်။

 

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် ဖားကန့် ဝှေခါမှော် မြေပြိုဘေးသင့်ပြီး သေဆုံးခဲ့ရသူများအတွက် ဂရုဏာကုသိုလ်တော်ပြုလုပ် အမျှအတန်းပေးဝေရန်အတွက် ယမန်နေ့ နေ့လယ်ပိုင်းက တပ်မတော် ရဟတ်ယာဉ်ဖြင့် ဖားကန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းမှ ဆရာတော် သံဃာတော် အပါး (၂၀၀)အတွက် သင်္ကန်းတစ်စုံစီနှင့် ငွေကျပ် တစ်သိန်းစီ၊ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ ဆရာတော် သံဃာတော် တစ်ပါးလျှင် ငွေကျပ်ငါးသောင်းစီထည့်ဝင်လှူဒါန်းပြီး သေဆုံးခဲ့ရသူများအတွက် ကုသိုလ်တော်ပြု လှူဒါန်း အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။

 

ဖားကန့် ဝှေခါမှော်၌ ဇူလိုင် ၂ ရက်နေ့က မြေပြိုဘေးသင့်ပြီး သေဆုံးသူ ရုပ်အလောင်းပေါင်း (၁၇၂)လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူ ၂၀ နှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ရသည့် ဒဏ်ရာရရှိသူ ၄၇ ဦး ရှိခဲ့သည်ဖြစ်ရာ လုံးခင်း-ဖားကန့် ရတနာနယ်မြေအတွင်း လူအသေအပျောက် အများဆုံးဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။

 

တာလင်းမောင်(ပြန်/ဆက်)

 

8897