ဖားကန့် ၂၀ ဇူလိုင်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်၊ လခူးချောင်မှ ဇူလိုင် ၂ ရက်နေ့က ကျောက်မျက်လုပ်ကွက်များ တူးဖော်ရပ်နားခဲ့သည့်ရေအိုင်ဘက်သို့ ကျင်းကမ်းပါး မြေပြိုခဲ့ရာနေရာ၌ ယနေ့နံနက် ၃ နာရီခွဲခန့်က မြေပြိုကျမှုထပ်မံဖြစ်ပွားခဲ့ပြီး  လူနေထိုင်ခြင်းမရှိသည့် နေအိမ်(၁၂)လုံး၊ သက်တမ်းကုန်ရပ်နားထားသည့် လုပ်ကွက်အတွင်းမှ ကုမ္ပဏီအဆောင်နှစ်လုံးနှင့် ဘက်ဟိုးတစ်စီးတို့ မြေပြိုမှုတွင်ပါဝင်သွားခဲ့ကြောင်း သိရသည်။

 

ယနေ့ဖြစ်ပွားသည့် ဝှေခါမှော် မှော်သစ်ကုန်း မြေပြိုမှုသည် လူအမြောက်အများ သေဆုံးခဲ့ရသည့် ဇူလိုင် ၂ ရက်နေ့ဖြစ်စဉ်ပြီးနောက် အဆိုပါနေရာ၌ တတိယအကြိမ်မြောက် ထပ်မံမြေပြိုမှုဖြစ်ပြီး ဇူလိုင် ၁၀ ရက်နေ့ညက ဒုတိယအကြိမ် မြေပြိုမှုတွင်လည်း လူထိခိုက် သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

 

ဖားကန့် ဝှေခါမှော်၌ မြေပြိုမှုများဆက်လက်ဖြစ်ပွားနိုင်ပြီး မြေသားအက်ကြောင်းများ ဖြစ်ပေါ်နေသည့် မှော်သစ်ကုန်းမှ နေအိမ်(၃၉)လုံး၊ ခကျန်မှ နေအိမ်(၁၈)လုံးနှင့် လခူးချောင်မှ နေအိမ်(၂၈)လုံး စုစုပေါင်းနေအိမ်(၈၅)လုံးအား လူနေထိုင်ခြင်းမပြုဘဲ အမြန်ဆုံးပြောင်းရွှေ့ရန် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ ကြိုတင် စီစဉ် ဆောင်ရွက်ထားခဲ့သည့်အတွက် ယခုမှော်သစ်ကုန်းမြေပြိုမှုတွင် လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

 

ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းက" ခုမြေပြိုတဲ့ မှော်သစ်ကုန်း အပိုင်း(၂)ကအိမ်(၃၉)လုံးကို ရပ်ကွက်(၅)မှာ နေရာချထားပေးပါတယ်ဗျ၊ ပြောင်းရွေ့ကြေးအနေနဲ့နည်း ကုမ္ပဏီတွေနဲ့ညှိပြီး သင့်တော်သလိုစီစဉ်ပေးပါတယ်ဗျ၊ တချို့အိမ်က ကျပ်သိန်း(၄၅၀)၊ တချို့က ကျပ်သိန်း(၂၀၀) ရကြပါတယ်၊ ပြောင်းရွှေ့နေထိုင်ရမယ့် ရပ်ကွက်(၅)မှာတော့ မဲနှိုက်ပြီး နေရာချထားပေးပါတယ်" ဟု ပြောသည်။

 

နေအိမ်များ ပြောင်းရွှေ့ရန် နစ်နာကြေးထောက်ပံ့ပေးသည့် ကုမ္ပဏီများက ဧရာ၊ ရတနာကြယ်နှင့် မိုးမင်းထက် ကုမ္ပဏီတို့ဖြစ်ကြောင်း ဦးကျော်မင်းက ဆက်ပြောသည်။

 

မြေများပြိုကျလျက်ရှိသည့် ကျင်းဟောင်းသည် လုပ်ကိုင်ခွင့်ရစဉ်က အနည်းဆုံး ကုမ္ပဏီငါးခုထက်မနည်း လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

 

ဝှေခါမှော်၌ ဇူလိုင် ၂ ရက်နေ့ ဖြစ်စဉ်ကြောင့် ရေမဆေးကျောက်ရှာသူပေါင်း (၁၇၂)ဦး၏ ရုပ်အလောင်းများ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးကြောင်းတိုင်ကြားထားသူ(၂၀)ဦးနှင့် ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူရသူ (၄၇)ဦး ရှိကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)

 

mdn