နေပြည်တော် ၁၇ ဇန်နဝါရီ 

 

ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမားများ (ရေမဆေးကျောက်သမားများ အပါအဝင်)၏ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အမိန့်ကြော်ငြာစာအမှတ် (၉၉/၂၀၁၈)နှင့် (၁၀ဝ/၂၀၁၈)တို့ဖြင့် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲများကို ဖွဲ့စည်းပေးပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲအနေဖြင့် ဆောင်ရွက်ရန် လုပ်ငန်း ၁၁ ရပ်ကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု၊ ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းပူးပေါင်း အကြံပေးဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လုပ်ငန်းအဖွဲ့ခွဲအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲ၏ အဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးအတည်ပြုကြသည်။ 

 

မောင်မင်းနိုင်