နေပြည်တော် ၂၂ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးတွင် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက (၄-၁၀-၂၀၁၈)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့ခွဲ(၆)ဖွဲ့မှာ ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေးဝမ်းကျောင်း သင်တန်းပေးရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး လုပ်ငန်းအဖွဲ့ခွဲ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲနှင့် ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ခွဲတို့ ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရ၏ ကြိုးပမ်းချက်များ အောင်မြင်ရန်အတွက် ကျယ်ပြန့်စွာပညာပေးရန်နှင့် လုပ်ငန်းအဖွဲ့ခွဲများအကြား၊ သက်ဆိုင်ရာ အစိုးရဌာနများအကြား၊ ပြည်နယ်နှင့်ဗဟိုအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ဒေသခံများ၏ ဝိုင်းဝန်းအားပေးကူညီမှုလည်း အရေးကြီးပါသည်ဟု လမ်းညွှန်မှာကြားမှုရှိပါကြောင်း၊ (၁၂-၆-၂၀၁၉) ရက်နေ့တွင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်ချက်များဖြစ်သည့် ဖားကန့်ဒေသတွင် တရားဥပဒေစိုးမိုးရေး၊ ရွှေ့ပြောင်းအလုပ်သမားများ စစ်တမ်းကောက်ယူရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဒေသခံ အဖွဲ့အစည်းများနှင့် စွဲစွဲမြဲမြဲပူးပေါင်းဆောင်ရွက်ရေး၊ ကျောက်မျက်တူးဖော်ရာတွင် ယမ်း အမြောက် အများ မသုံးစွဲရန် စိစစ်ကြပ်မတ်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနေရာချထားမှု ဆောင်ရွက်ရေး၊ သက်တမ်းလွန် လုပ်ကွက်များတွင် အပင်များ ပြန်လည်ပြုစုပျိုးထောင်ရေး၊ ဥရုချောင်း ရေစီးရေလာကောင်းမွန်ရေး အတွက် ဆောင်ရွက်ရေး၊ ကျောက်အချောထည်လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး တို့ကို ပေါင်းစပ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများရှိဥက္ကဋ္ဌများမှ သက်ဆိုင်ရာ အဖွဲ့ခွဲများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အစည်းအဝေးတက်ရောက်လာကြသူများမှ ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအား စစ်တမ်းကောက်ယူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းပေးရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး၊ ကျောက်အချောထည် လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရေး၊ လုပ်ငန်းအဖွဲ့ခွဲများအလိုက် ပုံမှန်အစည်း အဝေးများ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ၊ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကာ အချိန်ဇယားများ သတ်မှတ်ဆောင်ရွက်ရေးတို့ကို ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
MDN


