ဖားကန့် ၁၆ မတ်
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် လတ်တလောဖြစ်ပွားနေသည့် COVID–19 ရောဂါ နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပရဟိတလူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ မတ် ၁၅ ရက် မွန်းလွဲ ၂ နာရီက ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ "ဖားကန့်အလင်းတန်း"စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီရေးကော်မတီကို ယာယီဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် နယ်မြေပေါင်းစုံမှ လူမျိုးပေါင်းစုံ လာရောက်၍ စီးပွားရှာသည့် နေရာဖြစ်၍ လူစုလူဝေး အများအပြားရှိနေသည်ဖြစ်ရာ တရုတ်နိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရန် ဒေသခံပြည်သူများနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီရေး ကော်မတီကို ဖွဲ့စည်းခဲ့ကာ ဒုတိယအကြိမ်အစည်းအဝေးတွင် ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဖြစ်ပွားရာနေရာများသို့ သွားရောက်ကူညီနိုင်ရန်တို့ကို ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။
အဆိုပါ အဖွဲ့တွင်ပါဝင်ခဲ့သူ ဖားကန့်ဒေသခံ ကိုမျိုးက "ကျွန်တော်တို့အခုလို အစည်းအဝေးလုပ်တာဟာ အရေးပေါ် စီစဉ်လိုက်ရတာပါ၊ ဒေသခံပြည်သူတွေအတွက် COVID–19 ရောဂါနဲ့ပတ်သက်ပြီး အသိ ပညာပေး ဗီနိုင်းပိုစတာတွေစိုက်ထူဖို့၊ အသိပညာပေးလက်ကမ်းစာစောင်တွေဝေငှဖို့နဲ့ အရေးပေါ် အခြေအနေ ဖြစ်လာရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေဝတ်ဆင်ဖို့ PPE ဝတ်စုံ တစ်ထောင် မှာထားပါတယ်၊ PPE ဝတ်စုံကို ဖားကန့်ဒေသအတွက်တင်မဟုတ်ဘဲ ကချင်ပြည်နယ် အတွင်းက မည်သည့်ဒေသကိုမဆို လိုအပ်ရင်ပြန်လည်မျှဝေပေးဖို့ကိုလည်း အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်" ဟု ပြောသည်။
ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် နေထိုင်သည့်လူဦးရေများပြားမှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ဆေးရုံ၊ ဆေးခန်းများ လုံလောက်စွာမရှိသည့်အတွက် ပရဟိတလူမှုရေး အဖွဲ့အစည်းများမှ ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီရေးကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ဒေါက်တာအောင်လွင်ဦးနှင့်ဇနီး ဒေါက်တာခင်လင်းမော်၊ ဒေါက်တာ နှင်းယုနန္ဒာလှိုင်၊ ဖားကန့်အလင်းတန်း စာကြည့်တိုက်ဥက္ကဋ္ဌ ဦးသိန်းတန်၊ ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီရေးအသင်း၊ လုံးခင်းကျေးရွာ သင်္ဂဟလူမှုကူညီရေးအသင်း၊ ဆန်ခါကျေးရွာ မြင့်မြတ်သူလူမှုကူညီရေးအသင်းနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဝင်းနိုင်(ကချင်မြေ)


