ဖားကန့် ၂၅ ဖေဖော်ဝါရီ

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မီးလန့်မှု မတော်တဆမီးလောင်မှုများ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်မှု ထိရောက်စေရေးအတွက် မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်း၊ ပိတ်မိလူများရှိပါက အချိန်မီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများကို အများပြည်သူများအား လက်တွေ့ပြသခြင်းတို့ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ(၃)နာရီက မော်ဝမ်းရပ်ကွက် စည်ပင်သာယာဈေးကြီး အရှေ့ဘက်ဝင်ပေါက်နှင့် အနာက်ဘက်ဝင်ပေါက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူက “ဈေးကြီးအတွင်း မတော်တဆမီး လောင်မှုများ ဖြစ်ပွားလာရင် ဈေးသူဈေးသားတွေ စနစ်တကျ မီးငြိမ်းသတ်နိုင်စေဖို့၊ ကျွန်တော်တို့ တွေအနေနဲ့ ဘယ်လိုနေရာယူရမယ် မီးသတ်ကားတွေ ဘယ်နေရာကဝင်ရမယ်ဆိုတာ သိဖို့၊ လူတွေကယ်ထုတ်တဲ့အခါ ကျွမ်းကျင်နေစေဖို့ ဖြစ်ပါတယ်”ဟု ပြောသည်။

 

စည်ပင်သာယာဈေးအတွင်း အထည်ဆိုင်ဖွင့်ထားသည့် ကိုညီက “ဈေးဆိုတာက မီးလောင်မှုတွေ ဖြစ်ပွားနိုင်ဆုံးနေရာ အစုအဝေးတစ်ခုလိုဖြစ်နေတာပါ၊ ဈေးသူဈေးသားတွေ အတွက်လည်း မိမိရဲ့ပင်မအသက်မွေးဝမ်းကျောင်းပြုရာ မူလရင်းမြစ်က ဈေးပဲရှိတာပေါ့၊ ဈေးတစ်ခု မီးလောင်ရင် ဈေးရောင်းချတဲ့ ဈေးသူဈေးသားတစ်ယောက်အတွက်ကတော့ အခြေအနေဆိုးသွားနိုင်တာပေါ့၊ ခုလို မီးမပေါ့ဆဖို့နဲ့ မီးငြှိမ်းသတ်တဲ့အခြေအနေတွေကို သရုပ်ပြလေ့ကျင့် အသိပညာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

 

ပူပြင်းခြောက်သွေ့ရာသီသို့ ရောက်ရှိလာတော့မည့် ရာသီအကူးအပြောင်းကာလတွင် ဆောင်ရွက်သည့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်မှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက ကြီးကြပ်ပြီး သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဈေးသူဈေးသားများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

 

ဖားကန့်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်ပြီး ဇန်နဝါရီ (၃၀)ရက်နေ့ ညပိုင်းက လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ရာမှ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးမှုနှင့် ဖေဖော်ဝါရီ(၂)ရက်နေ့ ညပိုင်းက ဂက်စ်အိုးပေါက်ကွဲရာမှ နေအိမ်ငါးလုံးမီးလောင်ဆုံးရှုံးမှုတို့ ဖြစ်သည်။

 

တာလင်းမောင်(ပြန်/ဆက်)