ဖားကန့် ၁၄ ဇန်နဝါရီ
ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြို့နယ်အဆင့် ကလေးစာပေပွဲတော်ကို ဖားကန့်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ဇန်နဝါရီ (၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ နှစ်ရက် ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်း၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ အရုပ်ဆက်/စကားပုံဆက်၊ ပြိုင်ပွဲများအပြင် ကလေးစာဖတ်ခန်း၊ ပညာရေးပြခန်း၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိပညာပြခန်း၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာပြခန်း၊ ကချင်/ရှမ်းနှင့် ရှမ်းနီတိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုပြခန်းများ၊ ပွဲတော်လာရောက်သည့်ကလေးငယ်များ ပျော်ရွှင်စွာဆော့ကစားယှဉ်ပြိုင်နိုင်ရန် သုံးချောင်းထောက်၊ ပူပေါင်းဖောက်၊ မုန့်စား၊ ခါးကွင်းလှည့်စသည့် ဂိမ်းပြိုင်ပွဲများနှင့် ကျောင်သား/ကျောင်းသူများ၏ ဖျော်ဖြေရေးအကအလှများဖြင့်စုံလင်စွာပါဝင်မည် ဖြစ်သည်။
ဖားကန့်မြို့၌ ကျင်းပမည့် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့်စာအုပ်ဈေးရောင်း ပွဲတွင် စာအုပ်တိုက်များမှ လာရောက်ရောင်းချပေးမည့် စာအုပ်အရောင်းဆိုင်များ၊ မြို့နယ်စာရေး ဆရာအသင်းမှ ထုတ်ဝေသည့် စာအုပ်များအပြင် ကလေးငယ်များ အသိပညာခွန်အားတိုးစေရေး စာရေးဆရာများ၏ စာပေဟောပြောပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)