ဖားကန့် ၂၀ အောက်တိုဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ပြင်ပရောက်သူများက ပုံစံ(၁၅)ဖြင့် ကြိုတင်မဲပေးရန် တောင်းဆိုထားသူများမှ လက်ရှိအချိန်ထိ ဆောင်ရွက်ပေးနိုင်သူ(၂၃၉)ဦးအနက် ကြိုတင်မဲပေးသူ (၁၀)ဦး၏ ဆန္ဒမဲများ ဖားကန့်မြို့ယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အောက်တိုဘာ ၁၉ ရက်နေ့က ပထမဆုံး ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲများအား သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာသူများနှင့် သတင်းမီဒီယာများ ရှေ့မှောက်တွင် ဆန္ဒမဲပုံးအား အလွတ်ပြသခြင်း၊ လုံခြုံရေးကြိုးများဖြင့် ပိတ်ခြင်း၊ လုံခြုံရေး လျှို့ဝှက်ကုဒ်များအား တက်ရောက်လာသူက မှတ်သားစေခြင်းနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များအား သက်ဆိုင်ရာ မဲပုံးအတွင်း ထည့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား အကျဉ်းထောင်မှ အချုပ်ကျနေသူ (၁၀)ဦးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် (၁၀)စောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် (၁၀)စောင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) အတွက် (၇)စောင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) အတွက် (၃)စောင်၊ ဗမာ တိုင်းရင်းသား လူမျိုးရေးရာ နေရာအတွက်(၃)စောင်နှင့် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ နေရာအတွက်(၁)စောင်တို့ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်သူထံမှ သိရသည်။
ဖားကန့်မြို့နယ်၌ တစ်သီးပုဂ္ဂလတစ်ဦးနှင့် နိုင်ငံရေးပါတီ(၆)ခုတို့မှ ယှဉ်ပြိုင်သူ(၂၃)ဦးတို့က ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်အမှတ်(၁)နှင့် (၂)တို့တွင် လည်းကောင်း၊ ကချင်ပြည်နယ်တစ်ခုလုံးအတွက် ဗမာတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင်(၇)ဦး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာနေရာတွင်(၈)ဦး၊ လီဆူတိုင်းရင်းသား လူမျိုးရေးရာ နေရာတွင် (၈)ဦးနှင့် ရဝမ်တိုင်းရင်းသား လူမျိုးရေးရာနေရာတွင် (၆)ဦးတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


