ဖားကန့်၊ ၈ ဇန်နဝါရီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်အနီးရှိ ရတနာလင်း ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းနေရာတွင် မြေစာပုံပြိုကျသဖြင့် ရေမဆေးရှာဖွေနေသော အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီခွဲက ဖားကန်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆိုင်းရာရွာသစ်အနီးရှိ ရတနာလင်း ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း၌ ယာယီတဲထိုး နေထိုင်ပြီး ရေမဆေးကျောက်ရှာဖွေနေစဉ် အမြင့်(၁၀)ပေခန့်မှ မြေစာများ ရုတ်တရက် ပြိုကျလာခဲ့သဖြင့် လဘန်လအောင်အား မြေစာများပိမိခဲ့ရာ ၎င်းမှာ ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူ ရုပ်အလောင်းကို ဓမ္မတာသေဆုံးမှုဟုတ်မဟုတ်သိရှိနိုင်ရန်အတွက် ရဲဆေးစာဖြင့် လုံးခင်းတိုက်နယ် ဆေးရုံသို့ လုံးခင်းလူမှုကူညီရေးအသင်း ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး လုံးခင်းနယ်မြေ ရဲစခန်းက သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ထားသည်ဟု သိရသည်။
နီတိုး