ဖားကန့်   ဒီဇင်ဘာ   ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၏ အနောက်ဘက် မြေစာပုံအဟောင်း ရေကန်တွင် ဒီဇင်ဘာ ၂၂ ရက် နံနက် ၄ နာရီခွဲခန့်၌ အမြင့်ပေ ၁၅၀ ခန့်ရှိ မြေသားထုပြိုကျမှု ဖြစ်ပွားခဲ့ရာ မျှောတိုက်သူနှင့် ပျံကျဈေးဆိုင်များ ပါသွားသဖြင့် လုံးခင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းတို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အခင်းဖြစ်ပွားသည့်‌ မြေစာပုံမှာ စိန်စိန်ကုမ္ပဏီလုပ်ကွက်အဟောင်းတွင် တည်ရှိပြီး မြေစာပုံ အမြင့်ပေ ၁၅၀ခန့်၊ အကျယ် ပေ ၂၀၀ ခန့်မှာ ၎င်း၏ မြောက်ဘက်ကပ်လျက်ရှိသော ဂျိတ်ပါဝါကုမ္ပဏီလုပ်ကွက် အဟောင်းရှိ အကျယ်ပေ ၈၀၀ ခန့်၊ အနက်ပေ ၂၀၀ ခန့်ရှိသော ရေကန်အတွင်းသို့ ‌မြေစာပုံပျက်ကျ သဖြင့် မြေစာပုံနှင့် ရေကန်ကြားရှိ ရေမဆေးကျောက် ရှာဖွေနေသူများနှင့် ပျံကျဈေးခင်း ရောင်းချ‌ နေသည့် ဈေးဆိုင်နှစ်ဆိုင်အပါအဝင် လူဦးရေ ၂၀ ဦးခန့် မြေစာနှင့်အတူ ရေကန်အတွင်းဘက်သို့ ပါရှိသွားနိုင်ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးငြိမ်း‌မောင်မောင် ဦးဆောင်သည့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ မှာကြာပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ နယ်မြေရဲစခန်းမှူး ကျော်မြင့်နိုင်နှင့် လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် အဖွဲ့ဝင်များက လူနာတင်ယာဉ် ၁၀ စီးနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမိုးဝေ(ပြန်/ဆက်)