ဖားကန့်  ၁   ဩဂုတ်     

                                                  
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မက်လင်ချောင်ကျေးရွာ မူလတန်း ကျောင်းဝင်းအတွင်း၌ ပေ(၁၇၀)ခန့်ရှိ မြေသားအက်ကွဲကြောင်းကြီးနှစ်ခု ဖြစ်ပေါ်နေမှုအခြေအနေများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ အဖွဲ့(၆) အဖွဲ့ခေါင်းဆောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွေး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။


စစ်ဆေးတွေ့ရှိမှုအရ ကျေးရွာမူလတန်းကျောင်းသည် စတင်ဆောက်လုပ်ခဲ့စဉ်ကတည်းက မြေသားအက်ကြောင်းများ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိပြီး ယခု မြေသားအက်ကွဲကြောင်းကြီး ဖြစ်ပေါ်မှုသည် ကျောင်း၏ အရှေ့ဘက် YTT တောင်ကုန်း ကျောက်စိမ်းတူးဖော်မှု လုပ်ကွက်များရှိရာဘက်သို့ ပြိုဆင်းကျသွား နိုင်သည့်အနေအထား တွေ့ရသည့်အတွက် ကျောင်းဆောင်အား နေရာပြောင်း ရွှေ့ရန် စီစဉ်ထားကြောင်း သိရသည်။
ကျေးရွာမူလတန်းကျောင်းအား ၂၀၁၅-၂၀၁၆ ပညာသင်နှစ်က မြေမှန်ကျောက်ဖာခုံအပေါ်၌ ဖို့မြေ ပေ (၅၀)ခန့် ဖို့ပြီး အလျားပေ ၁၈၀၊ အနံပေ ၁၇၀၊ ၁ ဒသမ ၈ ဧကခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် အခန်းငါးခန်းပါ အုတ်ခင်း၊ သွပ်မိုး၊ သွပ်ကာ၊ အလျားပေ (၁၀၀)၊ အနံ(၂၆)ပေရှိ တစ်ထပ် ကျောင်းဆောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မက်လင်ချောင်ကျေးရွာမှ ဒေသခံများကလည်း မိုးများပါက ကျောင်းဆောင်တစ်ခုလုံး ပြိုကျ သွားနိုင်သည့်အတွက် စိုးရိမ်မှုများရှိနေပြီး ကျောင်းဆောင်ကို အမြန်ဆုံးပြောင်းရွှေ့ပေးရန် လိုလား နေကြသည်။


ပြောင်းရွှေ့ရပါက ကျေးရွာမူလတန်းကျောင်းအပြင် နှစ်ထပ်ဝန်ထမ်းအိမ်ရာ နှစ်ဆောင်နှင့် ကျောင်းအိမ်သာလေးလုံးတို့ပါဝင်ပြီး ဖြစ်စဉ်အခြေအနေများကို ပညာရေးဌာနအဆင့်ဆင့်သို့ တင်ပြထားပြီးဖြစ်ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးတင်ညွန့်ထံမှ သိရသည်။


တာလင်းမောင်(ပြန်/ဆက်)