ဖားကန့် ဩဂုတ် ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မနကျေးရွာရှိ မျိုးနွယ်ကုမ္ပဏီ လုပ်ကွက်ကျင်းဟောင်း ရေကန်တွင် ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီခန့်က မြေပြိုကျခဲ့မှုကြောင့် ရေမဆေးကျောက် ရှာဖွေသူများ မျောပါနစ်မြုပ်ခဲ့ရာ ဩဂုတ် ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်အထိ သေဆုံးသူ ရုပ်အလောင်း ၁၅ လောင်း ထပ်မံဆယ်ယူတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများက ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၄ ရက် ညနေ ၅ နာရီခန့်အထိ သေဆုံးသူ ရုပ်အလောင်း မတွေ့ရှိခဲ့သော်လည်း ယနေ့ နံနက်မှ မွန်းလွဲ ၁ နာရီခန့်အထိ မျောပါနစ်မြုပ်ခဲ့သူများအနက် ရုပ်အလောင်း ၁၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြေပြိုကျသည့်နေရာ၌ အေးမြသာယာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့ ၁၂ ဖွဲ့တို့က ဖိုက်ဘာလှေ သုံးစီး၊ လေထိုးလှေ သုံးစီးတို့ဖြင့် ပူးပေါင်း၍ ဆက်လက်ရှာဖွေလျက်ရှိပြီး ဩဂုတ် ၁၃ ရက်က ကယ်ဆယ်ထားနိုင်သည့် ဒဏ်ရာရရှိသူ ခုနစ်ဦးကို ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသ ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)