ဖားကန့်   ၂၃  ဇူလိုင်

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြစ်ကြီးနား-တနိုင်း လီဒိုကားလမ်းမပေါ်ရှိ ရေကြီးနစ်မြုပ်နေသည့် ရှဒူးဇွတ်ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား  ယမန်နေ့နံနက်ပိုင်းက ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာတွင် ရေကြီးနစ်မြုပ်နေသည့် ရှဒူးဇွတ်ကျေးရွာမှ ယာယီကယ်ဆယ်ရေးစခန်း သုံးခုတွင် လတ်တလော ရွှေ့ပြောင်းနေထိုင်ကြသည့် ရေဘေးသင့်ခံပြည်သူ အိမ်ထောင်စု ၂၇၀ မှ လူဦးရေ ၁၄၅၅ ဦးအတွက် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ်လှူဒါန်းသည့် ဘောကွင်း ၁၀ ကွင်း၊  အသက်ကယ်အင်္ကျီ ၂၅ ထည်၊ အသက်ကယ်ကြိုး ၅ ချောင်း၊ တစ်ပတ်စာ ဆန်ရိက္ခာဖိုး ငွေကျပ် ၃၀၅၅၅၀၀၊ ရေမျောပါအိမ် ၅ လုံးအတွက် ငွေကျပ် ၅၀၀၀၀၀ နှင့် အဝတ်အစား၊ Mask ၊ ဆပ်ပြာ စုစုပေါင်း ငွေကျပ် ၄၁၈၅၅၉၀ တန်ဖိုးရှိ ထောက်ပံရေးပစ္စည်းများကို လည်းကောင်း၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ ငွေကျပ် ၁၀၅ သိန်းနှင့် ဆန် ၁၅၀ ကို လည်းကောင်း၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ WFP အဖွဲ့မှ အာဟာရမုန့်နှင့် ဘီစကစ်များကို တာဝန်ရှိသူများမှ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)