ဖားကန့်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ကြောင့် လူသုံးဦးသေဆုံး

ဖားကန့်  ၂၀ ဧပြီ

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဧပြီ ၁၈ ရက် ညပိုင်းက လေပြင်းတိုက်ခတ်ကာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူငယ်သုံးဦးသေဆုံးပြီး အဆောက်အအုံများ ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် ည ၈ နာရီက ဖားကန့်မြို့နယ်အတွင်း ရုတ်တရက် လေပြင်းများ တိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်မောင်းလယန် ကိုယ်ထူကိုယ်ထ မူလတန်းလွန်ကျောင်းမှ အမိုးသွပ်နှင့် ခေါင်အုပ်သွပ် အချပ်(၂၈၀)နှင့်အတူ ဒိုင်းမျှားတန်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ အလားတူ အဆိုပါကျေးရွာရှိ ကိုယ်ထူကိုယ်ထ မီးသတ်စခန်းအဆောင်အအုံမှ သွပ်မိုးများ ပျက်စီးပြီး၊ မြို့ပေါ်ရပ်ကွက်များအတွင်း လျှပ်စစ်မီးကြိုးများ သွယ်တန်းထားသည့် ကွန်ကရစ်ဓာတ်တိုင်များ လဲကျပျက်ဆီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် မှော်ဝမ်းရပ်ကွက်တွင် နေအိမ်(၉)လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အမိုးလန်ပျက်ဆီးကာ သိမ်ကျောင်းထီးတော်မြေခခဲ့ခြင်း၊ ဆိပ်မူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း လေးခန်းတွဲ အိမ်သာပေါ်သို့ ကုက္ကိုပင်လဲကျခြင်း၊ လုံးခင်းကျေးရွာတွင် နေအိမ်(၇)လုံး အမိုးလန်ပျက်စီးခြင်း၊ နိုင်ငံတော်နှင့် အကျိုးတူ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ ကားဂိုဒေါင်နှင့် ကားစက်ပစ္စည်းသိုလှောင်ရုံမှ အမိုးများ ပျက်စီးခဲ့ပြီး ကုမ္ပဏီဝန်ထမ်းဦးတိုးလှိုင်(၃၉)နှစ်အား ဦးခေါင်းပေါက်ပြဲ ထိခိုက်ဒဏ်ရာ ရရှိသဖြင့် ဖားကန့်ဆေးရုံသို့ တင်ပို့ကုသစဉ်အတွင်း ဧပြီ ၁၉ ရက်၌ ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

 

ဆက်လက်၍ လေပြင်းတိုက်ခတ်မှုကြောင့် ဖားကန့်မြို့ အေးမြသာယာရပ်ကွက်တွင် နေအိမ်(၁၁)လုံးပြိုကျပြီး နေအိမ်(၆)လုံးမှာ အမိုးများ ပျက်စီးသွားခဲ့ကာ မှော်စီစာကျေးရွာတွင် တဲအိမ်(၁၁)လုံးပြိုကျပြီး တဲအိမ်(၃)လုံး အမိုးများလန်၍ ပျက်ဆီးကာ ကျောက်မျက်တူဖော်ရေးကုမ္ပဏီများမှ လုံခြုံရေးဝန်ထမ်း ဦးမင်းသူ(၅၀) နှစ်နှင့် သိုက်မွှေး(၄၅)နှစ် တို့နှစ်ဦးမှာလည်း အဆောက်အအုံ များထိခိုက်ပြိုကျမှုများကြောင့် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်များကြောင့် ဖားကန့်မြို့နယ်ရှိ တာဝန်ရှိသူများက ကွင်းဆင်းကာ ပျက်ဆီးဆုံးရှုံးမှုများအား အသေးစိတ် စာရင်းကောက်ပြုစုလျက်ရှိကာ လူမှုရေးအသင်းအဖွဲ့များမှ လူငယ်မောင်မယ်များကလည်း ကူညီမှုများ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ပရဟိတအသင်းဝင် လူငယ် ကိုမိုးမင်းသွေးထံမှ သတင်းရရှိသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)