ဖားကန့် ၃၀ ဇန်နဝါရီ  

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ အစပြု၍ လတ်တလော ဖြစ်ပွားလျက်ရှိသော ကူးစက်ပြန့်ပွားမှုနှုန်းမြန်ဆန်သည့် (Corona Virus) ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးနှင့် သက်ဆိုင်သော ကျန်းမာရေးအသိပညာပေး ဗီနိုင်းပိုစတာများအား လူစည်ကားရာ နေရာများတွင် ပြသခြင်းအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ကျန်းမာရေးအထောက်အကူပြု ကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဗီနိုင်းပိုစတာများအား ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ ယာဉ်ရပ်နားစခန်း၊ ဆိပ်မူကျေးရွာ လမ်းဆုံကားဂိတ်နှင့် လုံးခင်းကျေးရွာ ကားကွင်းတို့တွင် ပြသထားရှိခဲ့သည်။

 

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မင်းလွင်က “ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော အသိပညာတွေကို လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရစေလိုပါတယ်၊ ရောဂါပိုးတွေ ကျနော်တို့ ဒေသမှာ ဝင်ရောက်ခဲ့သည်ရှိသော် ထပ်ဆင့်ရောဂါကူးစက်မှုကနေ ကာကွယ်မှု ရရှိအောင်ရယ်၊ ပြီးတော့ လူထုကြားမှာ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မလိုအပ်ပဲ စိုးရိမ်ကြောက်လန့်မှုတွေ မရှိရလေအောင်၊ တကယ့်အရေးကြီးတဲ့ အချက်အလက်တွေ ပြည်သူကြားမှာ တိုက်ရိုက်ရောက်ရှိစေလိုပါတယ်” ဟု ပြောကြားသည်။

 

“ဖားကန့်မြို့ကို ဝင်ထွက်သွားလာနေတဲ့ လူဦးရေနေ့စဉ် (၁၅၀၀) ဝန်းကျင်ခန့်ရှိပါတယ်၊  ပြည်သူ့ကျန်းမာရေးအတွက် လိုအပ်လာမယ်ဆိုရင်တော့ အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေး စောင့်ကြည့်စင်တာတွေ ထားရှိဆောင်ရွက်သွားမှာပါ”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဝင်းအောင် က ပြောသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ တစ်ရာကျော်သွားပြီဖြစ်သလို ကူးစက်ခံရသူ လူနာပေါင်း (၆၀၀၀)ကျော်ခန့်ရှိပြီး အခြားနိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ကျန်းမာရေးအထောက်အကူပြု ကော်မတီတို့ ပူးပေါင်း၍ လူအများနှင့် ဆက်ဆံရသည့် ဌာနဆိုင်ရာများ၊ အခြေခံပညာစာသင်ကျောင်းများ၊ စားသောက်ဆိုင်များ၊ ဈေးများ၊ ကားဂိတ်များနှင့် ရပ်ကွက်ကျေးရွာများတွင် အသိပညာပေး ဗီနိုင်းပိုစတာများ၊ အသိပညာပေးလက်ကမ်းစာစောင်များကို  ဆက်လက်၍ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)