ဖားကန့် ၁၉ မေ     

ဒေသတွင်း ဆေးရုံ၊ ဆေးခန်းများတွင်သာမက လူထုအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးဌာနများတွင်ပါ လူနာများအား ဆေးဝါးတိုက်ကျွေဒနိုင်ရေးအတွက် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မေ ၁၈ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် Medical Action Myanmar (MAM) တို့မှ ဦးဆောင်ကာ မြို့နယ်တွင်း NGO၊ INGO များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ လူထုအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးဌာနများ ပေါ်ပေါက်လာရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြင့်ဝေက “ကျွန်တော်တို့ ဒေသမှာ မူးယစ်ဆေးဖြတ်ခံယူသူ မက်သဒုန်းတိုက်ကျွေးနေရတဲ့ လူနာ(၂၀ဝ၀)ကျော်ရှိပါတယ်၊ လူနာတွေ အများအားဖြင့် ဆေးရုံ၊ ဆေးခန်းနဲ့ဝေးတဲ့နေရာက လာရတာဖြစ်တော့၊ ဆေးခန်းမလာနိုင်တဲ့နေ့တွေ မလာဖြစ်တဲ့နေ့တွေမှာ ပုံမှန်ဆေးဝါးမတိုက်ကျွေးနိုင်တဲ့အခါ သူတို့ကျန်းမာရေးက မျှော်လင့်သလိုဖြစ်မလာပါဘူး၊ ဒါကြောင့် လူထုအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးဌာနတွေ ပေါ်ပေါက်လာဖို့လိုပါတယ်” ဟု ရှင်းပြသည်။

ဆက်လက်၍ အမျိုးသားမူးယစ်ဆေးစွဲကုသရေးနှင့် သုတေသနဌာန စီမံချက်မန်နေဂျာ ဒေါက်တာနန္ဒမျိုးအောင်က လူထုအခြေပြု မက်သဒုန်းတိုက်ကျွေးခြင်း ကိစ္စရပ်များအားလည်းကောင်း၊ ဖားကန့်မြို့နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသော (AHRN) အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အန္တရာယ်များ လျော့ပါးရေးအဖွဲ့အစည်း(မြန်မာ)မှ ဒေါက်တာကျော်သူဟိန်းက ဆောင်ရွက်နေသည့် လုပ်ငန်းများအားလည်းကောင်း၊ Medical Action Myanmar(MAM)မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော အသင်းအဖွဲ့များမှ ဒေသတွင်း မူးယစ်ဆေးဖြတ်ကုသမှု လုပ်ငန်းများတွင် ကြုံတွေ့ရလေ့ရှိသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး ကနဦး လူထုအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးဌာန ဖွင့်လှစ်နိုင်ရန်အတွက် သုံးနေရာခန့် စီစဉ်ထားကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)