ဖားကန့် ၃ မတ်

           

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ကျောက်စိမ်းတူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (အသစ်)များ လုပ်ကိုင်လိုသူများအတွက် ယနေ့နံနက် ၉ နာရီမှ စတင်ကာ မော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံးအဝင် OSS (One Stop Service) ရုံး၌ လုပ်ကွက် လျှောက်လွှာများအား စိစစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ကျောက်မျက်ရတနာ လက်လုပ်လက်စား လုပ်ကွက် ပေါင်း (၃၇၆) ကွက်အား အိတ်ပိတ်တင်ဒါစနစ်ဖြင့် စတင်လုပ်ကိုင်ခွင့် ချထားပေးမည်ဖြစ်ရာ ယနေ့ မတ်လ ၃ ရက်နေ့မှ ၁၃ ရက်အထိ လျှောက်လွှာများ ဝယ်ယူလျှောက်ထားနိုင်ပြီး သတ်မှတ်ပုံစံအတိုင်း လျှောက်လွှာများ ဖြည့်သွင်းပြီးပါက ကချင်ပြည်နယ်အစိုးရအဖွဲ့ ကျောက်မျက်ရတနာ လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့မှ သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်သည်။

 

လက်လုပ်လက်စား လုပ်ကွက်တစ်ကွက်လျှင် တစ်ဧက ခွင့်ပြုမည်ဖြစ်ပြီး လျှောက်ထားသူများအနေဖြင့် အိမ်ထောင်စုဇယားပုံစံ (၆၆/၆) အိမ်ထောင်စုစာရင်းနှင့် ကချင်ပြည်နယ် မှတ်ပုံတင် (၁/) ကိုင်ဆောင်ထားသူများ ဖြစ်ရမည့်အပြင် အိမ်ထောင်စုဇယားပုံစံ (၆၆/၆) တစ်စောင်လျှင် လုပ်ကွက် (၁) ကွက်သာ လျှောက်ထားခွင့်ရှိသည်။ အိတ်ပိတ်တင်ဒါစနစ်အရ လုပ်ငန်းလုပ်ကိုင်ရန် လုပ်ကွက်တူညီမှုများရှိပါက အခြေခံ သတ်မှတ်ဈေးနှုန်းထက် စပေါ်ငွေ ပိုတင်ထားသူက အသာရမည် ဖြစ်သည်။

 

ဒေသခံ ဦးစားပေးစနစ်အရလည်း မှတ်ပုံတင်(၁/) ကိုင်ဆောင်ထားသူချင်း လျှောက်ထားမှု လုပ်ကွက်တူညီနေပါက မြစ်ကြီးနား/ဝိုင်းမော် မှတ်ပုံတင် ကိုင်ဆောင်ထားသူထက် ဖားကန့်/ကာမိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူက အသာရမည်ဖြစ်ပြီး ဆက်လက်တူညီနေပါက အခြေခံသတ်မှတ် ဈေးနှုန်းထက် စပေါ်ငွေပိုတင်ထားသူက အသာရမည့်ပုံစံ အဆင့်ဆင့်တိုင်းတာ အကဲဖြတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

           

လက်လုပ်လက်စား လုပ်ကွက်တစ်ကွက်လျှင် ပြည်နယ်အစိုးရအဖွဲ့သို့ အခြေခံစပေါ် ငွေကျပ် (၅၀ဝ၀ဝ၀)၊ မှတ်ပုံတင်ကြေး (၃၀ဝ၀) ကျပ်၊ လျှောက်လွှာတစ်စောင်လျင် (၁၀ဝ၀) ကျပ်၊  ကွင်းဆင်း စစ်ဆေးခ (၅၀ဝ၀ဝ) ကျပ်၊ CSR (ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ) (၁၀ဝ၀ဝ၀) ကျပ် စုစုပေါင်း လုပ်ငန်းလုပ်ကိုင်နိုင်ရန် ငွေကျပ် (၆၅၄၀ဝ၀) (ခြောက်သိန်းငါးသောင်း လေးထောင်တိတိ) ပေးသွင်းရမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ပြုသည့် တစ်နှစ်အတွင်း လေးပင်စနစ်၊ ကိုးပင်စနစ်၊ တွင်းလုံးစနစ်၊ မျောစနစ်၊ အင်းဗြဲစနစ်နှင့် လူးလက်ကြား စနစ်တို့ကို ရေစုပ်စက်၊ လေပေးစက်၊ မီးစက်၊ ကျောက်ဖောက်စက်နှင့် ဗြုံးခါစက်များ အသုံးပြု လုပ်ကိုင်နိုင်မည် ဖြစ်သည်။

           

အခြေခံ လက်လုပ်လက်စား လျှောက်ထားသူများ လုပ်ကိုင်လိုသူများ နစ်နာမှု မရှိစေရေးအတွက် အလတ်စားနှင့် အသေးစားလုပ်ကွက် လုပ်ကိုင်ခွင့်ရထားသူများ ဝင်ရောက်လျှောက်ထားခွင့် မရှိဘဲ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတစ်ခုခုမှ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်သူများလည်း လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

           

ခွင့်ပြုချထားပေးမည့် လက်လုပ်လက်စား လုပ်ကွက်များမှာ နမ္မဖြစ်ဧရိယာတွင် (၈၃) ကွက်၊ မရှီကထောင်ရပ်ကွက် ဂျန်ခပ်ဧရိယာတွင် (၅၄) ကွက်နှင့် တာမခန်/ ဟောင်ပါး ဧရိယာတွင် (၂၃၉) ကွက် စုစုပေါင်း ငုတ်တိုင်အမှတ် စိုက်ထူထားသည့် လုပ်ကွက်ပေါင်း (၃၇၆) ကွက်တို့ဖြစ်ကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)