ဖားကန့် ၂၆ ဖေဖော်ဝါရီ

           

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း လက်လုပ်လက်စား လုပ်ကွက်(အသစ်) လုပ်ကိုင်လိုသူများအနေဖြင့် ကျောက်မျက်ရတနာ လုပ်ကွက်ပေါင်း (၃၇၆) ကွက် အား အိတ်ပိတ်တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့် ချထားပေးမည်ဖြစ်ရာ ယခုနှစ် မတ်လ ၃ ရက်မှ ၁၃ ရက် အထိ မော်ဝမ်းရပ်ကွက်ရှိ OSS (One Stop Service) ရုံးတွင် လျှောက်လွှာများ ရယူလျှောက်ထား နိုင်တော့မည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်သည့် မြို့နယ်လုပ်ကွက် ကြီးကြပ်ရေးနှင့် လျှောက်လွှာစိစစ်ရေးအဖွဲ့၊ မြို့နယ်ကွင်းဆင်း တိုင်းတာ စိစစ်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲမှ သိရသည်။

 

852

           

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ(နိုင်ငံသား)များအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများကို လက်လုပ်လက်စား လုပ်ကိုင်နိုင်ရန်အတွက် နမ္မဖြစ်ဧရိယာတွင် ဧက (၂၉၀) ၊ မရှီကထောင်ရပ်ကွက် ဂျန်ခပ်ဧရိယာတွင် (၂၇၅) ဧကနှင့် တာမခန် (၁၂) မှော်တွင် (၉၈၈၄) ဧက၊ စုစုပေါင်း (၁၀၄၄၉) ဧကအနက် ငုတ်တိုင်အမှတ် စိုက်ထူထားသည့် လုပ်ကွက်ပေါင်း (၃၇၆) ကွက်အား တစ်ကွက်လျှင် တစ်ဧကနှုန်း ခွင့်ပြုချထားပေးမည် ဖြစ်သည်။

 

325

           

အိမ်ထောင်စုဇယားပုံစံ (၆၆/၆) အိမ်ထောင်စုစာရင်းရှိပြီး ကချင်ပြည်နယ် မှတ်ပုံတင်(၁/) ကိုင်ဆောင် ထားသူများသာ လျှောက်ထားနိုင်ပြီး အိမ်ထောင်စုဇယား ပုံစံ (၆၆/၆) တစ်စောင်လျှင် လုပ်ကွက် (၁) ကွက်သာ လျှောက်ထားခွင့်ရှိမည်ဖြစ်သည်။ အိတ်ပိတ်တင်ဒါ စနစ်အရ လုပ်ငန်းလုပ်ကိုင်ရန် လုပ်ကွက်တူညီမှုများရှိပါက အခြေခံသတ်မှတ်ဈေးနှုန်းထက် စဘော်ငွေပိုတင်ထားသူက အသာရမည့် ပုံစံလည်း ဖြစ်သည်။

 

852638

လက်လုပ်လက်စား လုပ်ကွက်တစ်ဧကလျှင် ပြည်နယ်အစိုးရအဖွဲ့သို့ အခြေခံစဘော်ငွေကျပ် (၅၀ဝ၀ဝ၀) ၊ မှတ်ပုံတင်ကြေး (၃၀ဝ၀) ကျပ်၊ လျှောက်လွှာတစ်စောင်လျှင် (၁၀ဝ၀) ကျပ်၊  ကွင်းဆင်း စစ်ဆေးခ (၅၀ဝ၀ဝ) ကျပ်၊ CSR (ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ) (၁၀ဝ၀ဝ၀)ကျပ် စုစုပေါင်း လုပ်ငန်း လုပ်ကိုင်နိုင်ရန် ငွေကျပ် (၆၅၄၀ဝ၀) (ခြောက်သိန်းငါးသောင်း လေးထောင်တိတိ) ပေးသွင်းရမည် ဖြစ်ပြီး လုပ်ကိုင် ခွင့်ပြုသည့် တစ်နှစ်အတွင်း လေးပင်စနစ်၊ ကိုးပင်စနစ်၊ တွင်းလုံးစနစ်၊ မျောစနစ်၊ အင်းဗြဲစနစ်နှင့် လူလက်ကြား စနစ်တို့ကို ရေစုပ်စက်၊ လေပေးစက်၊ မီးစက်၊ ကျောက်ဖောက်စက်နှင့် ဗြုံးခါစက်များ အသုံးပြု လုပ်ကိုင်နိုင်မည် ဖြစ်သည်။

 

85263

           

လုပ်ငန်းလုပ်ကိုင်ခွင့်ရရန် သတ်မှတ်ပုံစံအတိုင်း လျှောက်လွှာများ ဖြည့်သွင်းပြီးပါက ကချင်ပြည်နယ် အစိုးရအဖွဲ့ ကျောက်မျက်ရတနာ လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့မှ သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)

 

+6636