ဖားကန့် ၁၈  ဧပြီ         

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ နံပါတ် ၈၂ နှင့် ဧပြီ ၇ ရက်နေ့က လေယာဉ်အတူစီးခဲ့သူ နှစ်ဦးနှင့် မိသားစုများအား ဖားကန့်သီတဂူ စက္ခုဒါနဆေးရုံ Facility Quarantine စင်တာသို့  ဧပြီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ပို့ဆောင်ထားကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

 

 “ပိုးတွေ့လူနာ နံပါတ် ၈၂ နဲ့ လေယာဉ်တစ်စီးတည်း အတူစီးခဲ့တာပေါ့၊ ကျွန်တော်သိတာကတော့ ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ မြစ်ကြီးနား အဲ့ကမှ ဖားကန့်ကိုရောက်တာပေါ့၊ သူတို့စရောက်ကတည်းက Home Quarantine ထားတာဆိုတော့ သူတို့နဲ့ဆက်ထိတွေ့မှုက သူတို့မိသားစုပဲ ရှိတာပေါ့၊ ခုတော့ သူတို့နှစ်ဦးရယ် သူ့မိသားစုဝင်တွေရယ်ကို လောလောဆယ် Facility Quarantine ၂၁ ရက်ထားဖို့ ဆောင်ရွက်ထားပါတယ်၊ ပိုးရှိ/မရှိ ဓာတ်ခွဲအတည်ပြုလည်း ရယူသွားမှာပါ” ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းလွင်က ပြောသည်။

 

လက်ရှိ ပိုးတွေ့လူနာ နံပါတ် ၈၂ နှင့် လေယာဉ်တစ်စီးတည်း အတူစီးမိခဲ့သူ နှစ်ဦးမှာ နမ္မဖြစ်ကျေးရွာမှ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးနှင့် မှော်စီစာကျေးရွာနေ အသက် (၂၉)နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင် ၇  ဦးနှင့်အတူ သီတဂူစက္ခုဒါနဆေးရုံ Facility Quarantine စင်တာတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူနေပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈၂ မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဧပြီ ၁၆ ရက်နေ့တွင် ပိုးတွေ့လူနာအဖြစ် ထုတ်ပြန်ခဲ့ပြီး လက်ရှိ မန္တလေး ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူနေသူ ဖြစ်ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)