ဖားကန့် ၂၂ ဧပြီ  

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ အမြင့်ပေ ၃၀၀ ခန့်ရှိ ကျင်းကမ်းပါးပြိုကျမှု ဧပြီ ၂၀ ရက် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့သည့်နေရာမှ မြေစာများနှင့်အတူ ဖုံးအုပ်ပျောက်ဆုံးခဲ့သူများအား ရှာဖွေရာတွင် မြေသားအက်ကြောင်းများ ပေါ်လာခြင်းနှင့်အတူ မြေပြိုမည့်အန္တရာယ် ထပ်မံကြုံတွေ့လာရနိုင်သည့် အနေအထားကြောင့် ရှာဖွေမှုအား ဧပြီ ၂၁ ရက် ညနေ ၄ နာရီမှစတင် ရပ်နားထားလိုက်ကြောင်း တောင်ပြိုကျေးရွာ တာဝန်ခံ ဦးသန်းရွှေထံမှ သိရသည်။

 

"ရှာဖွေရေးဆောင်ရွက်နေတဲ့သူတွေလည်း အပေါ်ကမြေစာဝိတ်တအားများပြီး အက်ကြောင်းတွေပေါ်လာလို့ ဆက်မရှာရဲကြတော့ဘူးဗျ၊ ဆက်ရှာနေရင်း အချိန်မရွေး မြေပြိုကျလာနိုင်တဲ့ အန္တရာယ်ရှိနေလို့ပါ" ဟု ဦးသန်းရွှေက ပြောသည်။

 

လက်ရှိအခြေအနေအရ အပေါ်မြေစာဝိတ်များ လျော့ချပြီးမှသာ ဆက်လက်ရှာဖွေမှု လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

 

ကျင်းကမ်းပါးပြိုကျခဲ့ရာနေရာ၌ ဧပြီ ၂၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့သည့် မော်မောင်းလယန်ကျေးရွာမှ ဦးလှမင်းကို၊ (၃၅)နှစ်နှင့် ဦးမျိုးကို(၂၅)နှစ်တို့၏ အသက်မဲ့ခန္ဓာကိုယ်အား ရှာဖွေတွေ့ရှိထားပြီး လူပျောက်တိုင်ကြားမှုများအရ မော်မောင်းလယန်ကျေးရွာမှ ဦးဇင်ကိုဦး၊ (၂၇)နှစ်နှင့် တောင်ပြိုကျေးရွာမှ ဦးဝင်းကြိုင်၊ (၅၂)နှစ်တို့မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

တာလင်းမောင်(ပြန်/ဆက်)