ဖားကန့် ၁၃ ဇူလိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့(၆)ဖွဲ့ခွဲကာ မြို့နယ်အတွင်း ကွင်းဆင်းစိစစ်ခဲ့ပြီး မိုးတွင်းကာလ ပြည်သူများအန္တရာယ် ကြုံတွေ့ရနိုင်ခြေရှိသည့် မြေပြင်အခြေအနေအရပ်ရပ်အား တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များအား ဇူလိုင် ၁၁ ရက်နေ့က စုစည်းရယူခဲ့ပြီး ယမန်နေ့က အဆိုပါအဖွဲ့များက အပြီးသတ် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးရာသီကာလအတွင်း ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့်နေရာများတွင် ကျောက်တူး ကျောက်ရှာ ဖွေကြသူများ၊ ရွှေကျင် ရွှေမျောတိုက်ကြသူများ၏ အသက်အိုးအိမ်များ ကာကွယ်နိုင်ရေးအတွက် အန္တရာယ်ရှိနိုင်သည့် နေရာများတွင် ဝင်ရောက်တူးဖော်ကြသူများအား ဝင်ရောက်တူးဖော်ခွင့် တားဆီးကန့်သတ်ခြင်း၊ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်မီ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ထုတ်နုတ်သုံးစွဲရမည့် ယာဉ်/စက်ယန္တရားများကို အန္တရာယ်ဖြစ်နိုင်ခြေရှိသည့်နေရာနှင့် အနီးဆုံးပြင်ဆင်စုဖွဲ့ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးချက်များအရ မြို့ပေါ်ငါးရပ်ကွက်ရှိ ကျေးရွာများ၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိပ်မူကျေးရွာအုပ်စုတို့မှ အန္တရာယ်ရှိနေရာအချို့တို့ပါဝင်ပြီး တားဆီးကန့်သတ်မှုများအား မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉပဒေဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


