ဖားကန့် ၃၁ ဇူလိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးတွင်းကာလ အန္တရာယ်ရှိနေရာများ၌ ကျောက်တူးကျောက်ရှာ၊ ရွှေမျောတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုကြရန် အော်လံများဖြင့် လိုက်လံအော်ဟစ် သတိပေးခြင်းများ၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိနေကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ထံမှ သိရသည်။
"ကျွန်တော်လိုက်လံစစ်ဆေးရတဲ့ အေးမြသာယာဘက်ခြမ်းမှာတော့ သတိပေးဆိုင်းဘုတ် ထောင်ခိုင်းတာရော၊ လိုက်အော်ခိုင်းတာရော လုပ်ပါတယ်၊ ပြီးတော့ ရေမဆေးကျောက်ရှာသူချင်း အန္တရာယ်တစ်ခုခုကြုံရင် သတိပေးလို့ရအောင် ခရာတွေ လိုက်ဝေခိုင်းထားတယ်၊ အဓိက ကတော့ ပြည်သူတွေ အန္တရာယ်ကင်းစေချင်တာပါပဲ"ဟု မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမြင့်အေးက ပြောသည်။
ဖားကန့်မြို့နယ်အတွင်း မိုးတွင်းကာလ မြေပြိုကျနိုင်သည့် အန္တရာယ်ရှိနေရာများတွင် ကျောက်တူးကျောက်ရှာနှင့် ရွှေမျောတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ပြည်သူများ၏ အသက်အိုးအိမ်အား ကာကွယ်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ နယ်မြေအပိုင်းအခြားအလိုက် အဖွဲ့(၆)ဖွဲ့ခွဲကာ အပတ်စဉ် မြေပြင်အခြေအနေအား ကွင်းဆင်းစစ်ဆေးပြီး အန္တရာယ်ရှိနေရာများတွင် ဝင်ရောက်တူးဖော်ကြသူများအား တားမြစ်ကန့်သတ်ခြင်းတို့ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)