ဖားကန့်၌ နွံကန်ကျိုးပေါက်မှုဖြစ်ပွားရာမှ ကုမ္ပဏီဝန်ထမ်းများနှင့် စက်ယန္တရားများပျောက်ဆုံး

ဖားကန့် ၂၃ ဧပြီ  


ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးကျေးရွာအနီး၌ ယမန်နေ့ည ၁၁ နာရီခွဲခန့်က ယူနတီကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုဖြစ်သည့် ခန့်မှန်းခြေ အနက် ပေ ၁၀၀ ခန့်နှင့် အကျယ် ၅ ဧကခန့်ရှိ နွံကန်ကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ အဆိုပါနွံကန်အောက်ဘက်တွင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် မြန်မာသူရ ကုမ္ပဏီနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီတို့မှ ဝန်ထမ်းများနှင့် စက်ယန္တရားများ ရွံ့နွံများအတွင်းမျောပါနစ်မြုပ် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

 

e

 


ဖြစ်စဉ်တွင် မြန်မာသူရကုမ္ပဏီမှ ကုမ္ပဏီဝန်ထမ်း(၂၈)ဦး၊ ဘက်ဟိုး(၁၁)စီး၊ မြေသယ်ယာဉ် (၁၀)စီး၊ မြေတူးစက်(၅)စီးနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ကုမ္ပဏီဝန်ထမ်း(၂၆)ဦး၊ ဘက်ဟိုး (၅)စီး၊ မြေသယ်ယာဉ်(၉)စီးတို့သည် ရွံ့နွံများအတွင်း နစ်မြုပ်ပျောက်ဆုံးခဲ့ပြီး အဆိုပါနေရာသို့ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းမှစတင်ကာ စက်ယန္တရားများဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

d

 


လုပ်ငန်းလုပ်ကိုင်နေသောကုမ္ပဏီများက နွံကန်ဘေးအောက်ခြေရှိ မြေမှန်ကျောက်ကြောများအား တူးဖော်ရာမှတစ်ဆင့် နွံကန်ဝိတ်မထိန်းနိုင်ဘဲ ကျိုးပေါက်မှုဖြစ်ပေါ် ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆရကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သိရှိရသည်။

 


အဆိုပါ ကျိုးပေါက်ခဲ့သည့် နွံကန်၏ အောက်ဘက်တွင် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် မြန်မာသူရနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီတို့အပြင် ပန်းမြတ်နိုးယွန်း၊ ကျောက်စိမ်းပဒေသာ၊ ကံစိမ်းပွင့်နှင့် မလိခဂျမ်းစတုန်းကုမ္ပဏီတို့လည်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။

 


MDN