ဖားကန့် ၃၀ စက်တင်ဘာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိ ကျောက်မျက်လုပ်ကွက်ရေကန်ဟောင်းတွင် စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခန့်က ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦး၏ ဦးခေါင်းပေါ်သို့ ကျောက်တုံးထိမှန်ကာ ရေကန်ဟောင်းအတွင်း ပြုတ်ကျပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိ မြဥယျာဉ်ကုမ္ပဏီနှင့် မြစ်ဆုံဧရာကုမ္ပဏီ ရေကန်ဟောင်းအနီးတွင် ရေမဆေးကျောက် ရှာဖွေနေသူ နိုင်လင်း(နေရပ်လိပ်စာစိစစ်ဆဲ)သည် ကျောက်ရှာဖွေနေစဉ် အမြင့်ပေ(၃၀)ခန့်မှ ကျောက်တုံး(ဒေသအခေါ် မောက်တုံး)တစ်တုံးပြုတ်ကျ၍ ဦးခေါင်းထိမှန်ကာ အနက်ပေ(၂၀ဝ ခန့်)ရှိ ကျင်းဟောင်းရေကန်အတွင်းသို့ ပြုတ်ကျပျောက်ဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရေကန်အတွင်းပြုတ်ကျပျောက်ဆုံးနေသူကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ငိုးပင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


