ဖားကန့်၊ ၁၄ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများ မြင့်မားလျက်ရှိသည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မြို့နယ်တစ်ခုလုံကို Stay at Home သတ်မှတ်ထားချိန် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများမှ ပြည်သူအချို့၏ ဆိုင်ကယ်များ တစ်ပတ်အတွင်း ၁၅ စီးခန့် ခိုးယူခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
မရှီကထောင်ရပ်ကွက်တွင် နေထိုင်သည့် ဦးစစ်ကိုနိုင်ထွန်းက “ကျွန်တော်တို့ရပ်ကွက်တင်ကို တစ်ပတ်ထဲမှာပဲ ၁၀ စီးရှိပြီ၊ ခုက ကိုဗစ်ကြောင့် ဒေသတွင်း ဘယ်စီးပွားရေးမှ အဆင်မပြေကြဘူး၊ ဆိုင်ကယ် အခိုးခံရတဲ့သူတွေလည်း ပြန်ဝယ်ဖို့ဆိုတာမလွယ်ဘူး၊ ဆိုင်ကယ်မရှိတော့ တော်တော် အခက်အခဲတွေ့ကြတယ်၊ ဒီနယ်မြေမှာက ဆိုင်ကယ်မရှိရင် တစ်နေရာနဲ့တစ်နေရာ သွားလာဖို့ တော်တော်ခက်တာပေါ့၊ ပျောက်သွားတဲ့ဆိုင်ကယ်အားလုံးက ကိုယ့်အိမ်နဲ့ကိုယ် သေသေချာချာ ထားတာကို အခိုးခံရတာပါပဲ၊ ပြီးတော့ အခြေခံလူတန်းစားတွေရဲ့ ဆိုင်ကယ်တွေ အခိုးခံကြရတာ"ဟု ပြောသည်။
တစ်ပတ်အတွင်း မရှီကထောင်ရပ်ကွက်ထဲမှ ၁၀ စီး၊ ငှက်ပျောတောရပ်ကွက် ဖားကန့်အလင်းတန်း စာကြည့်တိုက်ရှေ့၌ နှစ်စီး၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာ၌ သုံးစီး ဆိုင်ကယ်ခိုးယူခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွေးက “ကျွန်တော်တို့က ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်၊ ခုလို ဆိုင်ကယ်ခိုးခံရတဲ့အမှုကို ဖော်ထုတ်တဲ့အခါမှာ ဒီဒေသအတွက် ပြဿနာက လိုင်စင်မဲ့တွေများတာပေါ့၊ ဒီဘက်က ပျောက်ဆုံးသူက သူ့ပစ္စည်း ဟုတ်မှန်တယ်ဆိုတာ သက်သေပြဖို့ခဲယဉ်းသလို ဟိုဘက်ကလည်း သူ့ဟာလို့ ငြင်းလို့ရနေတာပေါ့၊ ကျွန်တော်တို့မှာ အဲ့ဒီအခက်အခဲတော့ ကြုံတွေ့ရပါတယ်၊ လိုင်စင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်တော်တို့ကတော့ နစ်နာရသူပြည်သူတွေအတွက် ဖော်ထုတ်ဖမ်းဆီးပေးမှာပါ” ဟု ပြောသည်။
“သူခိုးကြီးတော့ ဓါးပြ၊ ဓါးပြကြီးတော့ သူပုန်တဲ့၊ ပေါ့လျော့နေလို့တော့ မရဘူးလေ၊ ဒီကိစ္စတွေအပေါ် တာဝန်ရှိသူကတော့ ဖော်ထုတ်ဖမ်းဆီးရမှာပဲ၊ ဖော်ထုတ်ဖမ်းဆီးမှုတွေ အားနည်းတော့ တစ်ချို့ရွာတွေမှာ ကိုယ့်ဟာကို အဖွဲ့လိုက်ချောင်းဖမ်းပြီး ပစ္စည်းပျောက်ထားတဲ့ ဒေါသနဲ့ဝိုင်းရိုက်တော့ လက်လွန်ကုန်တာ တွေရှိတယ် တရားဉပဒေစိုးမိုးမှု အားနည်းစေတာပေါ့” ဟု မြို့ခံတစ်ဦးဖြစ်သည့် ဦးမျိုးဝင်းက ပြောသည်။
တာလင်းမောင်(ပြန်/ဆက်)