ဘားအံ    ၂၁    အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေးနှင့် ဘားအံခရိုင်၊ ဘားအံမြို့ သံလွင်မြစ်အနောက်ဖက်ကမ်း ကျေးရွာအုပ်စုအချို့တွင် ထူးရှားစွာ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်အချို့တွင် ရေများ အရောင်ပြောင်းလဲခြင်းအပေါ် ကျေးရွာနေဒေသခံပြည်သူများမှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေမှု အား ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက စတင်ကာ ဖာပွန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ယင်းနေ့ နံနက်ပိုင်းက ဖာပွန်မြို့သို့ရောက်ရှိပြီး ဖာပွန်မြို့ခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ယွန်းစလင်းခန်းမ၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း၊ အားကစားပစ္စည်းနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် ဓါတ်မြေဩဇာထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကအဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖာပွန်ခရိုင် အတွင်းရှိ မသန်စွမ်းသူ ဦးရေ(၂၁၃)ဦးအတွက်တစ်ဦးလျှင် ငွေကျပ် ၃၀ဝဝဝ နှုန်းဖြင့်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၉၇)ကတ်ကို ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများ အတွက်လည်းကောင်း၊ ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့အတွင်း ကျေးရွာ ၁၀ ရွာ၊ ရပ်ကွက်(၁)ရပ်ကွက်ရှိ စိုက်ပျိုးဧကများအတွက် ဓာတ်မြေဩဇာအိတ်  ၁၀ဝ ကိုလည်းကောင်း၊ အခြေခံ ပညာကျောင်းများအတွက် အားကစားပစ္စည်းများနှင့် ဒေသအတွင်း ပြည်သူများ အားကစားလေ့ကျင့်မှုများ လုပ်ဆောင် စေရေးအတွက် အားကစား ကရိယာများကို လည်းကောင်း၊ ထောက်ပံ့ ပေးအပ်ရာ ပညာရေးဝန်ထမ်များ၊ဒေသခံပြည်သူ လများက လက်ခံရယူခဲ့ကြသည်။

 

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် အမှတ်(၄) ရပ်ကွက် အေးသုခ ကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ကာ လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး နှစ်ခြင်းအသင်းတော် အခြေပြု ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ဂေဟာ(မူကြို)သို့သွားရောက်ကာ မူကြိုကလေးငယ်များအား တွေ့ဆုံ၍ အာဟာရရှိ မုန့်များကိုပေးဝေ ခဲ့ကြောင်းသိရသည်။

 

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကမမောင်းမြို့ ကိုးနဝင်း ဘုန်တော်ကြီးကျောင်းဓမ္မာရုံတွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့်အတူ မသန်စွမ်းသူ (၁၅၆)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀ဝဝဝ နှုန်းဖြင့် လည်းကောင်း၊အခြေခံ ပညာရေးပညာရေးကျောင်းများနှင့် ဒေသအတွက် အားကစား ပစ္စည်းများကိုလည်းကောင်း၊ ထောက်ပံ့ပေးအပ်ရာ ဒေသခံပြည်သူများ၊ တာဝန်ရှိ သူများက လက်ခံရယူ ခဲ့သည်။

 

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ်အတွင်းရှိ မီးဇိုင်းတောင်ခြေရွာ အခြေခံ ပညာမူလတန်းလွန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား/ ကျောင်းသူများ၊ဆရာ/ဆရာများ၊ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာ ရပ်မိရပ်ဖများက ပေ(၉၀×၆၀) တစ်ထပ် ကျောင်းဆောင် သစ်နှင့် ရွာချင်းဆက်လမ်းပေါ်ရှိ တံတား တည်ဆောက်ပေးနိုင်ရေးကိုတင်ပြတောင်းဆိုကြရာ တာဝန်ရ ှိသူများနှင့် ပေါင်းဆပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းသား/ ကျောင်းသူများအားနို့မှုန့်ထုပ်၊ အဟာရရှိ မုန့်များ၊ ဆရာ/ဆရာမများအတွက် လက်ဆွဲဆိုလာမီးအိမ်များ ပေးဝေပေးခဲ့ ကြောင်းသိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများသည် ဘားအံမြို့နယ်ရေတွင်းကုန်း ကျေးရွာသို့ ရောက်ရှိ ကာ ကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖူးမျှော်ကြည်ညို လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ပြီးနောက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဘားအံမြို့ သံလွင်အနောက်ခြမ်း၊ သံလွင်မြစ်နှင့် ဒုံသမိမြစ်ကြား ဘားကပ်ကျေးရွာအုပ်စု၊ ရသေ့ပျံကျေးရွာအုပ်စု၊ ပန်းကုံးကျေးရွာအုပ်စုနှင့် ကော့ရင်းကျေးရွာအုပ်စု တို့တွင် ထူးရှားစွာ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်အချို့တွင် ရေများ အမဲရောင်ပြောင်းလဲခြင်းအပေါ် ကျေးရွာနေ ဒေသခံပြည်သူများမှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေမှုအား ကျွမ်းကျင်တာဝန်ရှိသူများနှင့် ရေအရည်အသွေး စမ်းစစ်မှုများအရ သောက်ရေ သုံးရေအဖြစ် သုံးစွဲနိုင်သော အဆင့်မီသည့် ရေဖြစ်ကြောင်းရှင်းလင်းပေးခဲ့သည်။

 

ထို့အပြင် လက်တလော ရေသုံးစွဲမှုအား စိုးရိမ်စိတ်ကို စာနာနားလည်သောအားဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများက သောက်သုံးရေသန့်များ လက်ရှိပို့ဆောင်ပေးနေသည့် အခြေအနေ၊ တစ်ရက်လျှင် လီတာ ၂ဝ ရေသန့်ဘူးကြီး ၂၀ဝ၀ ကျော်ခန့် ထွက်ရှိသည့် Mobile Water Purification Vehicle ရွေ့လျား ရေသန့်စင်စက် မော်တော်ယာဉ်ဖြင့် ရေသန့်များ ဖြန့်ဝေပေးနေသည့် အခြေအနေ၊ ရေရှည်အသုံးပြုနိုင်သည့် အဝီစိတွင်းနက်များ တူးဖော်၍ ရေများဖြန့်ဝေပေးမည့် အခြေအနေများကို ကျေးရွာနေပြည်သူများ၊ တာဝန်ရှိဌာနဆိုင်ရာများနှင့် ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)