ဖာပွန် ၇ ဇန်နဝါရီ 

 

ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ဇန်နဝါရီလ ၆ရက် နံနက်ပိုင်းက ဖာပွန်မြို့နယ် အမှတ်(၂)ရက်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကရင်အမျိုးသားသီချင်းသီဆို၍ အလံတင်အခမ်းအနားပြုလုပ်ကာ တက်ရောက်လာသူများက အလံတော်ကို အလေးပြုကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံမှ ပေးပို့လာသော သဝဏ်လွှာအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ဖတ်ကြားပြီး ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကျဉ်းကို ဒေသခံတိုင်းရင်းသား များက ပိုးကရင်၊ စကောကရင်၊ မြန်မာဘာသာများဖြင့် ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်က ဖာပွန်မြို့ရှိ ဂုဏ်ပြုခံအထင်ကရ သက်ကြီးကရင်ဘိုးဘွားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင် နှစ် တက္ကသိုလ်ဝင်တန်း စားမေးပွဲတွင် အောင်မြင်သူများနှင့် ဂုဏ်ထူးရသောကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာသူများထဲမှ ခေတ်ဟောင်း၊ ခေတ်လယ်၊ ခေတ်သစ် ကရင် တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုတွင် ဆုရရှိသူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြတ်အောင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာသူများက ကရင်ဘာသာဖြင့် စည်းလုံးခြင်းသည် အင်အားဟု အဓိပ္ပါယ်ရသော (အောဟုအောဟောင် သီချင်းဖြင့်) စုပေါင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ 

 

ယင်းနောက် ကရင်ရိုးရာကောက်သစ်စားပွဲနှင့် ဖီးဘူးယော်ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ကရင်လူမျိုးတို့၏ ရှေးခေတ်ဓလေ့ထုံးတမ်းများနှင့်အညီ ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ကျင်းပရာ လွန်ဆွဲပြိုင်ပွဲ၊ ဘော်လီဘောပွဲ၊ ချောတိုင်တက်ပွဲ၊ ကလေး၊ လူငယ်အပျော်တန်းလက်ဝှေ့ပွဲ၊ အပြေးပြိုင်ပွဲစသည့် ပျော်ရွှင်ဖွယ်ပြိုင်ပွဲများနှင့် အခြားအားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့သည်။

 

ထို့နောက် ညပိုင်းတွင် ဖာပွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုယ်စားပြုယိမ်းအဖွဲ့များက ရိုးရာဒုံးယိမ်းအကများအပြင် အခြေခံပညာကျောင်းများမှ တိုင်းရင်းသား အကအလှပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။ ကရင်စာပေနှင့် ယဉ်ကျေးမှုပြခန်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပြခန်းအတွင်း ပြသထားသည့် မှိုများ၊ သစ်ခွပန်းအမျိုးအစား အမျိုးမျိုးနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုသည့် စက်ပစ္စည်းဆိုင်ရာ များကို ဒေသခံပြည်သူများ က စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

 

မျိုးဆက်သစ်(ဘားအံ)

 

mdn