ဖာပွန်၊ ၁၃ ဇန်နဝါရီ

 

ကရင်သက္ကရာဇ် ၂၇၆၀ ပြည့်နှစ် ပြာသိုလဆန်း ၁ ရက်တွင် ကျရောက်သည့် ကရင်တိုင်းရင်းသားတို့၏ (၈၃)နှစ်ပြည့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်လူမျိုးတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ဘာသာစကား တို့အား မေ့ပျောက်သွားခြင်းမရှိစေရန် ရည်ရွယ်၍ ဖာပွန်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှေ့ ဘောလုံးကွင်း၌ ကျင်းပသည်။

 

ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ကျင်းပရာ ကျွဲချိုမှုတ်၍ ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့ကို တက်ရောက်လာသူများက အလေးပြုကြသည်။ ထို့နောက် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံမှ ပေးပို့သော သ၀ဏ်လွှာအား ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဖတ်ကြားသည်။

 

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသားများ တက်ရောက်ကြပြီး အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း  သိရသည်။

 

ထို့နောက် ကရင်ရိုးရာကောက်သစ်စားပွဲအား ဖာပွန်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးရွှေမောင်လယ်၌ ဆက်လက် ကျင်းပရာ တိုင်းရင်းသားပြည်သူများ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊  စောအောင်မျိုးလွင်(ပြန်/ဆက်)