ဖာပွန်၊ ၂၃ ဒီဇင်ဘာ
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် အောင်သပြေပန်းများ ရောင်းချခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ အောင်သပြေပန်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအတွက် တစ်ရက်ကို ငွေကျပ် တစ်သောင်းအထိ ပုံမှန်ဝင်ငွေရတော့ အဆင်ပြေတယ်။ အောင်သပြေရဲ့ အားသာချက်က အပင်စိုက်ဖို့ ပျိုးပင် စဝယ်ဝယ်ချင်းပဲ ပျိုးပင်ဖိုးပေးရတယ်။ စိုက်လို့ (၂)နှစ်ခန့်ကြာလာတဲ့အချိန်မှာ ဖောက်သည်က ဝယ်ရင် ဝယ်သလို ခူးရောင်းလို့ရတယ်။ ဖောက်သည်သွင်းမယ်ဆိုရင်လည်း တစ်စည်းကို ကျပ် (၄၀ဝ)ရပြီး ကိုယ်တိုင် ရောင်းမယ်ဆိုရင်တော့ တစ်စည်းကို ကျပ် (၅၀ဝ) ရတယ်။ အခြားရာသီပေါ် သီးနှံတွေက အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်မှာရောင်းလို့မရရင် အရှုံးပေါ်ကုန်တယ်။ အောင်သပြေပန်းက နေ့တိုင်းလိုလိုရောင်းရတော့ နေ့စားအလုပ်သမားငှားခတွေ တစ်ဝက်လောက် ပေးလို့ရတာပေါ့” ဟု ဒေသခံတောင်သူ ဦးစိန်ဝင်းညွန့်က ပြောသည်။
အဆိုပါ အောင်သပြေပျိုးပင်များအား ဘားအံမြို့မှ မှာယူပြီး ပျိုးပင်အပင်ငယ်တစ်ပင်လျှင် ငွေကျပ် (၁၂၀ဝ) ပေးရကြောင်း၊ ပျိုးပင်စိုက်မည်ဆိုလျှင် မြေကျဉ်းအား တစ်ပေအနက်ခန့်တူးရကြောင်း၊ သဘာဝမြေဩဇာ များဖြစ်သည့် နွားချေးထည့်ပြီး တစ်ပင်နှင့်တစ်ပင် (၅)ပေအကွာစိုက်ပျိုးရကြောင်း၊ ပန်းပင်များအား မနက် တစ်ကြိမ် ညနေတစ်ကြိမ် ရေလောင်းပြီး (၂)နှစ်ခန့်တွင် ဈေးကွက်သို့ စတင်ရောင်းချ၍ ရကြောင်းနှင့် ဖာပွန်မြို့တွင် အောင်သပြေပန်းစိုက်ပျိုးရောင်းချသူ နည်းပါးသည့်အပြင် ကိုယ့်ဒေသတွင်းရောင်းချရန်သာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ စောအောင်မျိုးလွင်(ပြန်/ဆက်)


