ဖာပွန် ၂၇ ဇွန်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းအတွက် ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက် အမှန်တကယ်လိုအပ်သည့် ကျေးလက်ဒေသများသို့ နိုင်ငံတော်မှ ခွင့်ပြုပေးသည့် ဘတ်ဂျက်များနှင့်အညီ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဇင်ဇူနိုင်ကိုက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်ရန်အတွက် ကျေးရွာ ၃ ရွာအား အတည်ပြု ရွေးချယ်ရန်ဖြစ်သည့်အတွက် ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု အတွင်းမှ ကျေးရွာ (၃) ရွာ ဖြစ်သည့် ကတိုင်တိကျေးရွာ၊ ကိုင်းတောကျေးရွာ၊ ကကုလားကျေးရွာ တို့အား ရွေးချယ်ခဲ့ရာ တက်ရောက်လာသူများက ကန့်ကွက်မှုမရှိသဖြင့် အဆိုပါကျေးရွာတို့အား အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)


