ဖာပွန်၊ ၂၂ ဒီဇင်ဘာ
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ပူးပေါင်း၍ ကရင်တိုင်းရင်းသားရိုးရာဓလေ့အကြောင်း ဆွေးနွေးပွဲ အွန်လိုင်းတင်ဆက်မှုကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ အဖွဲ့ဝင် ဒေါ်နော်ရီးလာထူးက ကရင်မျိုးနွယ်စုများ၏ သမိုင်း ကြောင်း၊ ဖာပွန်ဒေသရှိ ကရင်မျိုးနွယ်စုများ၏ နေထိုင်စားသောက်မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်မှု အခြေအနေများ အကြောင်းကိုလည်းကောင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ အဖွဲ့ဝင် ဒေါ်နော်စေးလ်ဗာမွန်းက ကရင်လူမျိုးများ၏ ဝတ်စားဆင်ယဉ်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ဘာသာတရား၊ ရေမြေတောတောင်သဘာဝနှင့် ရိုးရာဓလေ့နှစ်သစ်ကူးပွဲတော် ကျင်းပပုံများ အကြောင်းကိုလည်းကောင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ အဖွဲ့ဝင် ဒေါ်နော်အဘီးရှပ်က ကရင်စာပေနှင့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့ပူဇော်ပွဲများအကြောင်းကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲ (Talk Show) အွန်လိုင်းတင်ဆက်မှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်ဆက်)


