ဖာပွန် ၆ သြဂုတ်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ယနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေများကြောင့် ယွန်းစလင်းချောင်းရေ မြင့်တက်လာ၍ အနိမ့်ပိုင်းရှိ ကျေးရွာဖြစ်သည့် ဝှေနောင်ကျေးရွာတွင် ရေဝင်ရောက်ခဲ့ပြီး ယမန်နေ့က ဖာပွန်- ကမမောင်း- ဝါးဘိုးတော ကားလမ်းအချို့တွင်လည်း ရေကျော်ခဲ့ရာ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
အဆိုပါကျေးရွာဖြစ်သည့် ဝှေနောင်ကျေးရွာတွင် အိမ်ခြေ (၄၀)အိမ်ရှိသည့်အနက် အိမ်ခြေ (၂၃)အိမ်တွင် ရေဝင်ရောက်ခဲ့ကာ အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများမှာ မွေးမြူရေးတိရစ္ဆာန်များနှင့် အသုံးအဆောင်ပစ္စည်းများကို ရေလွတ်ရာနေရာများနှင့် ဆွေမျိုးသားချင်းနေအိမ်များသို့ ပို့ဆောင်လျက်ရှိကြောင်း၊ ကျေးရွာအဝင်လမ်းတွင်လည်း ရေ(၃)ပေကျော်ခန့် ရေကျော်လျက်ရှိကြောင်းနှင့် ဖာပွန်-ဘီးလင်း ဆက်သွယ်ထားသော ကားလမ်းဖြစ်သည့် သမိုင်းဝင်းရွှေဆံတော် ဘုန်းတော်ကြီးကျောင်းရှေ့ ကားလမ်းအရှည် ပေ(၃၀)ခန့်တွင်လည်း ရေအနက် (၂)ပေကျော်ခန့် ရေကျော်လျက်ရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ သံလွင်မြစ်ရေမြင့်တက်လာသောကြောင့် ဖာပွန်- ကမမောင်း- ဝါးဘိုးတော ကားလမ်းအချို့တွင် ရေကျော်ခဲ့ပြီး ခွေးသေရွာနှင့် ဆင်ဇွယ်ကျေးရွာအနီးရှိ ဖာပွန်-ကမမောင်း ကားလမ်းပေါ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျချောင်းရေများကြောင့် အဆိုပါကားလမ်းရေပြင်အကျယ် ပေ(၂၀ဝ)ခန့်တွင် ရေ(၃)ပေခန့် ရေကျော်ခဲ့ရာ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
မျိုးဆက်သစ်(ဘားအံ)


